အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား…

အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ၎င်းက ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ‘သက္ကဗီရ်’ဆိုကြပါ။

ဟိသ်သွာန်ဗင်န် အဗ္ဗဒုလ္လာဟ် အလ်ရကာရှီးက ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အဗူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)နှင့်အတူ ဆွလာသ်ဆောက်တည်ခဲ့သည်။ ၎င်းက (သရှဟ်ဟုဒ်ဖတ်ရန်) ထိုင်သည့်အခါ (ဆွလာသ်ဆောက်တည်နေသည့်) လူတို့အနက်မှတစ်ဦးက ဆွလာသ်သည် ကောင်းမှုဖြင့်လည်းကောင်း၊ ဇကာသ်ဖြင့်လည်းကောင်းတွဲ၍ အမိန့်ပေးခြင်းခံရသည် ဟုဆိုလိုက်သည်။ ဆင့်ပြန်သူက ပြောပြသည်မှာ အဗူမူစာအရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)သည် စလာမ် လှည့်၍ ဆွလာသ်ကို အဆုံးသတ်ပြီးသည့်အခါ နောက်သို့လှည့်၍ အသင်တို့အနက် ဒီလို ဒီလိုစကားလုံးမျိုး မည်သူပြောကြားပါသနည်းဟု မေးမြန်းခဲ့သည်။ လူတို့သည် တိတ်ဆိတ်စွာပင် ရှိနေခဲ့ကြသည်။ ထို့နောက် ၎င်းက အသင်တို့အနက် ဒီလို ဒီလိုစကားလုံးမျိုး မည်သူပြောကြားပါသနည်းဟု ထပ်၍ မေးမြန်းခဲ့သည်။ လူတို့သည် တိတ်ဆိတ်စွာပင် ရှိနေခဲ့ကြသည်။ ထို့ကြောင့် ၎င်းက အို - ဟိသ်သွာန် ထိုစကားကို သင်ပြောလိုက်တာ ဖြစ်နိုင်တယ်ဟု ပြောကြားခဲ့သည်။ ဟိသ်သွာန်က ထိုစကားကို ကျွန်တော်မပြောခဲ့ပါ။ ထိုစကားကြောင့် သင်ကျွန်တော့်အား အပြစ်တင်မည်ကို စိုးရိမ်မိပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ လူတို့အနက်မှတစ်ဦးက ထိုစကားကိုကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်သည် အကောင်းကိုသာ ရည်ရွယ်ခဲ့ပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ အသင်တို့၏ဆွလာသ်ထဲတွင် မည်သို့ရွတ်ဆိုရမည် သင်တို့မသိကြလေသလော။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့အား ‘ခွသ်ဗဟ်’ တရားဟောကြားတော်မူကာ ကျွန်ုပ်တို့(လိုက်နာရမည့်) စွန္နဟ်တော်များကို ရှင်းပြတော်မူပြီး ကျွန်ုပ်တို့၏ဆွလာသ်နှင့်ပတ်သက်၍ သင်ကြားပေးတော်မူခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ၎င်းက ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ‘သက္ကဗီရ်’ဆိုကြပါ။ ၎င်းက (غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ) (စူရဟ် ဖာသိဟဟ် :၇)ကို ရွတ်ဆိုသည့်အခါ အသင်တို့ အာမီးန် ဆိုကြပါ။ အသင်တို့ (၏တောင်းဆု)ကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူမည်။ ၎င်းက သက္ကဗီရ်ဆိုပြီး ဦးညွှတ်သည့်အခါ အသင်တို့လည်း သက္ကဗီရ်ဆိုပြီး ဦးညွှတ်ကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးညွှတ်ရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ (ဦးညွှတ်ရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏)ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်။ အိမာမ်က ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အရှင်မြတ်လက်ခံတော်မူပါ)ဟု ဆိုလျှင် အသင်တို့က ‘အလ္လာဟွမ္မ ရဗ္ဗနာလကလ်ဟမ်ဒ်’(အို ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာလျှင်ဖြစ်ပါ၏)ဟု ဆိုကြပါ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့(၏ တောင်းဆု)ကိုကြားသိတော်မူ၏။ ဧကန်မုချ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအားချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းထောမနာပြုမှုကို လက်ခံတော်မူကြောင်း မိမိ၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နှုတ်တော်မှတဆင့် အမိန့်ရှိတော်မူခဲ့သည်။ အိမာမ်က သက္ကဗီရ်ဆိုပြီး ဦးချသည့်အခါ အသင်တို့လည်း ဦးချကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးချရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ (ဦးချရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏)ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်။ ‘သရှဟ်ဟုဒ်’ ဖတ်ရန် ထိုင်သည့်အခါ အသင်တို့အနက်လူတိုင်းပထမဦးဆုံးရွတ်ဖတ်ရမည့် အရာမှာ- “အသ်သဟိယ္ယာသုသ် သွိုင်ယိဘားသုဆ် ဆွလဝါးသု လိလ္လာဟိ အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယု ဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ် ဆွာလိဟီးန်၊ အရှ်ဟဒုအန်လာအိလားဟအိလ်လလ္လာဟု ဝအရှ်ဟဒုအန်နမုဟမ္မဒန် အဗ်ဒုဟူဝရစူလုဟ်” (နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ သန့်စင်သော စိတ်စေတနာနှင့်ပြုသော ကောင်းမှုများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုသော ခဝပ်မှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်အပေါင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်နှင့် အရှင်မြတ်၏ ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းများ အပေါ်သို့သက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင်မရှိကြောင်း သက်သေခံပါ၏။ မုဟမ္မဒ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏ အစေတော်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။)

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

သာဗီအီးန် တစ်ပါးဖြစ်သူ ဟိသ်သွာန်ဗင်န် အဗ္ဗဒုလ္လာဟ် အလ်ရကာရှီးက ပြောကြားခဲ့သည်။ ကျွန်တော်သည် အဗူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)နှင့်အတူ ဆွလာသ်ဆောက်တည်ခဲ့သည်။ ၎င်းက (သရှဟ်ဟုဒ်ဖတ်ရန်) ထိုင်သည့်အခါ လူတို့အနက်မှတစ်ဦးက ဆွလာသ်သည် ကောင်းမှုဖြင့်လည်းကောင်း၊ ဇကာသ်ဖြင့်လည်းကောင်းတွဲ၍ အမိန့်ပေးခြင်းခံရသည်ဟု ဆိုခဲ့သည်။ ဆိုလိုသည်မှာ ဆွလာသ်သည် ကောင်းမှုနှင့်လည်းကောင်း၊ ဇကာသ်နှင့်လည်းကောင်း တာဝန်လေးနက်မှုတွင် တန်းတူဖြစ်သွားသည်။ ထို့အပြင် ဆွလာသ်ကို စွဲမြဲစွာဆောက်တည်သူသည် ကောင်းမှုကုသိုလ်ရရှိပြီး အပြစ်များမှ စင်ကြယ်သွားမည်ဟု ဆိုလိုခြင်းလည်းဖြစ်နိုင်သည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)သည် စလာမ်လှည့်၍ ဆွလာသ်ကို အဆုံးသတ်ပြီးသည့်အခါ နောက်သို့လှည့်၍ လူတို့အားမျက်နှာမူကာ အသင်တို့အနက် ဒီလို ဒီလိုစကားလုံးမျိုး မည်သူပြောကြားပါသနည်းဟု မေးမြန်းခဲ့သည်။ ဤနေရာတွင် ပြောလိုက်သည့်စကားကို စကားလုံးဟူ၍ ဥပစာသဘောမျိုး သုံးနှုံးထားခြင်းဖြစ်သည်။ လူတို့သည် တိတ်ဆိတ်စွာပင် ရှိနေခဲ့ကြသည်။ ၎င်းတို့သည် ဘာမျှမပြောဘဲ နှုတ်ဆိတ်၍နေကြသည်။ ထို့နောက် ၎င်းက အသင်တို့အနက် ဒီလို ဒီလိုစကားလုံးမျိုး မည်သူပြောကြားပါသနည်းဟု ထပ်၍မေးမြန်းခဲ့ရာ လူတို့သည် တိတ်ဆိတ်၍ နေကြသည်။ထို့ကြောင့် ၎င်းက အို - ဟိသ်သွာန် ထိုစကားကို သင်ပြောလိုက်တာ ဖြစ်နိုင်တယ်ဟု ပြောကြားခဲ့သည်။ ဟိသ်သွာန်က ထိုစကားကို ကျွန်တော်မပြောခဲ့ပါ။ ထိုစကားကြောင့် သင်ကျွန်တော့်အား စိတ်ဆိုးကာ ဆူပူကြိမ်းမောင်းမည်ကို စိုးရိမ်မိပါသည်ဟု ဖြေကြားခဲ့သည်။ အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)သည် ဤစကားကို ဟိသ်သွာန်အား ရည်ရွယ်ပြောဆိုခြင်းမှာ ၎င်းသည် မိမိနှင့်ရင်းနှီးကာ အမြဲတစေအတူရှိနေသူဖြစ်ကြောင်း ညွှန်ပြလိုခြင်းဖြစ်နိုင်သည်။ ထို့ကြောင့်ပင် ဟိသ်သွာန်က ထိုစကားကြောင့် သင်ကျွန်တော့်အား အပြစ်တင်မည်ကို စိုးရိမ်မိပါသည်ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးသည် ဆွလာသ်အတွင်း၌ မပြောဆိုအပ်သည့် စကားမျိုးပြောဆိုလိုက်သည့်အတွက် အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)သည် လူတို့အားထိုကိစ္စမှတားမြစ်ရန်၊ ဆူပူကြိမ်းမောင်းရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့်သူသည် အမိန့်ပညတ်ချက် နားမလည်သူအား သတိပေးရန်နှင့် ၎င်းသူအရှက်မရစေရန် ဖုံးကွယ်ပေးသည့်သဘောမျိုးဖြင့် မိမိနှင့်အရင်းနှီးဆုံးသူ မိမိနားတွင်အမြဲရှိနေသူအား စတင်ပြောကြားလိုက်ခြင်းဖြစ်သည်။ ထိုအခါ လူတို့အနက်မှတစ်ဦးက ထိုစကားကိုကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်သည် အကောင်းကိုသာ ရည်ရွယ်ခဲ့ပါသည်ဟု ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ ကျွန်တော်သည် ထိုစကားကို ဆွလာသ်အတွင်း၌ နောက်ပြောင်ကာအချည်းအနှီးသဘောမျိုးဖြင့် ပြောဆိုခဲ့ခြင်း မဟုတ်ဘဲ ကောင်းမွန်သည့်ရည်ရွယ်ချက်ဖြင့် ‘ဇိက်ရ်’တစ်ခုအနေအဖြင့်သာ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုအခါ အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)ကပြောကြားသည်မှာ အသင်တို့၏ဆွလာသ်အတွင်း၌ မည်သို့ရွတ်ဆိုရမည်ကို သင်တို့မသိကြလေသလော။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့အား ‘ခွသ်ဗဟ်’ တရားဟောကြားတော်မူကာ ကျွန်ုပ်တို့၏သာသနာတော်၌ ကျွန်ုပ်တို့အတွက် စွန္နဟ်အဖြစ် သတ်မှတ်ထားသည့် ရွတ်ဖတ်မှုများနှင့် လုပ်ရပ်များကို ရှင်းပြတော်မူခဲ့ပြီး ဆွလာသ်ဆောက်တည်ရမည့် နည်းစနစ်၊ ဆွလာသ်၏ ဖရ်ဿ်ွများ၊ ဝါဂျိဗ်များ၊ မွတ်စ်သဟဗ်များကို သင်ကြားပေးတော်မူခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူခဲ့သည်မှာ- အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ဆိုလိုသည်မှာ ခြေမျက်စိခြင်း၊ ပခုံးခြင်းထိကာ ဖြောင့်တန်းစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ဤသည် အမျိုးသားများအား ဖရ်ဿ်ွဆွလာသ်များကို ဂျမာအသ်ဖြင့်ဆောက်တည်ရန် အမိန့်ပေးထားခြင်းဖြစ်သည်။ ၎င်းက ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ‘သက္ကဗီရ်’ဆိုကြပါ။ နောက်လိုက်များသည် အိမာမ်ရှေ့ဆောင် သက္ကဗီရ်ဆိုပြီးမှသာ သက္ကဗီရ်ဆိုရမည်။ အိမာမ်က (غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ) (စူရဟ် ဖာသိဟဟ် :၇)ကို ရွတ်ဆိုသည့်အခါ အသင်တို့ အာမီးန် ဆိုကြပါ။ အာမီးန်၏ အဓိပ္ပါယ်မှာ အိုအလ္လာဟ်အရှင်မြတ် လက်ခံတော်မူပါ ဟူ၍ဖြစ်သည်။ နောက်လိုက်များသည် အိမာမ်ရှေ့ဆောင်နှင့်အတူသာအာမီးန် ဆိုရပြီး အိမာမ်၏နောက်မှ လိုက်မဆိုရပါ။ အသင်တို့၏တောင်းဆုကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူလိမ့်မည်။ ဤသည် အာမီးန်ဆိုရန် တိုက်တွန်းထားခြင်းဖြစ်သောကြောင့် ၎င်းကိုအလေးအနက်ထားရမည်။ ၎င်းက သက္ကဗီရ်ဆိုပြီး ဦးညွှတ်သည့်အခါ အသင်တို့လည်း သက္ကဗီရ်ဆိုပြီး ဦးညွှတ်ကြပါ။ တနည်းအားဖြင့် အသင်တို့ ဦးညွှတ်ရန်အတွက်သက္ကဗီရ်ဆိုခြင်းနှင့် ဦးညွှတ်ခြင်းတို့သည် အိမာမ်ရှေ့ဆောင်၏ သက္ကဗီရ်ဆိုခြင်းနှင့် ဦးညွှတ်ခြင်းတို့၏ နောက်တွင်သာပြုလုပ်ရမည်။ ထို့အတူ အိမာမ်ရှေ့ဆောင်က ဦးညွှတ်ရာမှပြန်ထပြီးမှသာ အသင်တို့ပြန်ထရမည်။ အဘယ်ကြောင့်ဆိုသော် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးညွှတ်ရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ အိမာမ်ရှေ့ဆောင်သည် ထိုလုပ်ရပ်များတွင် အသင်တို့ထက်အလျင်ပြုလုပ်ခွင့်ရှိသူဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က (ဦးညွှတ်ရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏)ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ဆိုလိုသည်မှာ အိမာမ်သည် အသင်တို့ထက်အလျင် ဦးညွှတ်လိုက်သည့် အခိုက်အတန့်သည် အိမာမ်က ဦးညွှတ်ရာမှ ပြန်ထသည့်အခါ အသင်တို့ ဦးညွှတ်ခြင်း၌ ကျန်ရှိနေသည့် အခိုက်အတန့်နှင့် ကြာမြင့်ချိန်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ပထမကြာချိန်နှင့် ဒုတိယကြာချိန်သည် တူညီသွားသည်။ သို့ဖြစ်၍ အသင်တို့ဦးညွှတ်သည့် အချိန်အတိုင်းအတာသည် အိမာမ်ဦးညွှတ်သည့် အချိန်အတိုင်းအတာနှင့် တူညီသွားသည်။ ဤသည် အိမာမ်ရှေ့ဆောင်သည် ဆွလာသ်ဆောက်တည်ရာ၌ ဦးစွာပြုလုပ်ခွင့်ရှိကြောင်း ညွှန်ပြထားခြင်းဖြစ်သည်။ အိမာမ်ဆောင်ရွက်ပြီးသည်နှင့် နောက်လိုက်များသည် နှောက်နှေးမှုမရှိဘဲ အိမာမ်နောက်မှ ဆောင်ရွက်ရမည်။ အိမာမ်က ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အရှင်မြတ်လက်ခံတော်မူပါ)ဟု ဆိုလျှင် အသင်တို့က ‘အလ္လာဟွမ္မ ရဗ္ဗနာလကလ်ဟမ်ဒ်’(အို ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာလျှင်ဖြစ်ပါ၏)ဟု ဆိုကြပါ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ တောင်းဆုကိုကြားသိကာ လက်ခံတော်မူသည်။ ဧကန်မုချ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအားချီမွမ်းထောမနာပြုသူ၏ ချီမွမ်းထောမနာပြုမှုကို လက်ခံတော်မူကြောင်း မိမိ၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နှုတ်တော်မှတဆင့် အမိန့်ရှိတော်မူခဲ့သည်။ ယင်း၏အလိုသဘောမှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဆုံးဖြတ်ချက်ကို ကြိုတင်သတ်မှတ်တော်မူခဲ့ပြီး၊ ၎င်းကိုပြည့်စုံစေတော်မူကာ မိမိနဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ချပေးတော်မူခဲ့သည်။ ထိုနဗီတမန်တော်က မိမိ၏အွမ္မသ်နောက်လိုက်တို့အား အရှင်မြတ်သည် ဒုအာဆုမွန်တောင်းခံသူ၏ တောင်းခံမှုကို အဖြေပေးတော်မူပြီး ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းထောမနာပြုမှုကို လက်ခံတော်မူကြောင်း ပို့ချတော်မူခဲ့သည်။ အိမာမ်က သက္ကဗီရ်ဆိုပြီး ဦးချသည့်အခါ အသင်တို့လည်း ဦးချကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့ထက်အလျင် ဦးချရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က (ဦးချရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏)ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဆိုလိုသည်မှာ အိမာမ်သည် အသင်တို့ထက်အလျင် ကြိုတင်ဦးချလိုက်သည့် အခိုက်အတန့်သည် အိမာမ်က ဦးချရာမှ ပြန်ထသည့်အခါ အသင်တို့ ဦးချခြင်း၌ကျန်ရှိနေသည့် အခိုက်အတန့်နှင့် ကြာမြင့်ချိန်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ပထမကြာချိန်နှင့် ဒုတိယကြာချိန်သည် တူညီသွားသည်။ သို့ဖြစ်၍ အသင်တို့ဦးချသည့် အချိန်အတိုင်းအတာသည် အိမာမ်ဦးချသည့် အချိန်အတိုင်းအတာနှင့် တူညီသွားသည်။ ‘သရှဟ်ဟုဒ်’ ဖတ်ရန် ထိုင်သည့်အခါ အသင်တို့အနက် လူတိုင်းပထမဦးဆုံးရွတ်ဖတ်ရမည့် အရာမှာ- “အသ်သဟိယ္ယာသုသ် သွိုင်ယိဘားသုဆ် ဆွလဝါးသု လိလ္လာဟိ အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယုဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ် ဆွာလိဟီးန် အရှ်ဟဒုအန်လာအိလားဟအိလ်လလ္လာဟု ဝအရှ်ဟဒုအန်နမုဟမ္မဒန် အဗ်ဒုဟူဝရစူလုဟ်” (နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ သန့်စင်သော စိတ်စေတနာနှင့်ပြုသော ကောင်းမှုများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုသော ခဝပ်မှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်အပေါင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ် အပေါ်သို့ သက်ရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်နှင့် အရှင်မြတ်၏ ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းများ အပေါ်သို့သက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင်မရှိကြောင်း သက်သေခံပါ၏။ မုဟမ္မဒ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏အစေတော်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။) ဤသည် သရှဟ်ဟုဒ်၏ စာသားများအနက်မှ တစ်ခုဖြစ်သည်။ ဤစာသားကိုကျက်မှတ်ထားသင့်သလို သရှဟ်ဟုဒ်၏ အခြားစာသားအမျိုးမျိုးကိုလည်း ရွတ်ဖတ်သင့်သည်။

فوائد الحديث

သရှဟ်ဟုဒ်၏ စာသားများအနက်မှ တစ်မျိုးကို ဖော်ပြထားသည်။

ဆွလာသ်၌ ရွတ်ဖတ်ရမည့် စာသားများနှင့် လုပ်ရပ်များသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သတ်မှတ်ထားသည့်အတိုင်းသာဖြစ်ရမည်။ သို့ဖြစ်၍ မည်သူမျှပင် ဆွလာသ်အတွင်း၌ စွန္နသ်တော်တွင် အတည်ပြုထားခြင်းမရှိသော လုပ်ရပ်ကိုဖြစ်စေ၊ ရွတ်ဆိုမှုကိုဖြစ်စေ အသစ်တီထွင်ပိုင်ခွင့်မရှိပေ။ ထို့ကြောင့် အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)က အသင်တို့၏ ဆွလာသ်အတွင်း၌ မည်သို့ရွတ်ဖတ်ရမည်ကို မသိကြလေသလောဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွလာသ်၌ အိမာမ်ရှေ့ဆောင်ထက် အလျင်ပြုလုပ်ပိုင်ခွင့်မရှိပါ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူထားသည်မှာ “အိမာမ်ရှေ့ဆောင်သည် အသင်တို့ထက်အလျင် ရုကူအ်ဦးညွှတ်ရမည်။ အသင်တို့ထက်အလျင် ဦးခေါင်းပြန်ကြွရမည်။”

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သာသနာကို ပို့ချရန်နှင့် မိမိ၏အွမ္မသ်သားတို့အား သာသနာ့အမိန့်ပညတ်ချက်များ သင်ကြားပေးရန် အလွန်အလေးအနက်ထားကြောင်း ဖော်ပြထားသည်။

အိမာမ်ရှေ့ဆောင်သည် နောက်လိုက်များအတွက် စံနမူနာပင်ဖြစ်သည်။ ထို့ကြောင့် နောက်လိုက်များသည် အိမာမ်ထက်အလျင်ပြုခြင်း၊ အတူတကွပြုခြင်း၊ နောက်ကျပြီးမှပြုခြင်းတို့ မပြုရပေ။ ထို့ပြင် အိမာမ်ရှေ့ဆောင်သည် လုပ်ရပ်တစ်ခုအား ရည်ရွယ်၍ ဆောင်ရွက်လိုက်ကြောင်း သေချာသိလိုက်သည်နှင့် ၎င်းနောက်မှ ချက်ချင်းလိုက်လုပ်ရမည်။ ဆွလာသ်၌ အိမာမ်ရှေ့ဆောင်အား နောက်လိုက်ခြင်း စွန္နသ်ဖြစ်သည်။

ဆွလာသ်၏ရုကွန်များကို ဆောင်ရွက်ရာတွင် အိမာမ်က နောက်လိုက်များထက် အလျင်ပြုလိုက်သည့် အခိုက်အတန့်ကို နောက်လိုက်များက ထိုအတိုင်းအတာခန့် နောက်ကျပြီးမှဆောင်ရွက်ခြင်းဖြင့် အိမာမ်နှင့်နောက်လိုက်တို့၏ကြာချိန်သည် တူညီသွားကြောင်းရှင်းပြထားသည်။ ဥပမာ- အိမာမ်သည် ရုကူအ်ပြုရာတွင် နောက်လိုက်များထက် အလျင်ပြုပြီး ရုကူအ်မှ ပြန်ထရာတွင် နောက်လိုက်များထက် အလျင်ပြန်ထရသည်။ သို့ဖြစ်၍ အိမာမ်က ရုကူအ်၌ အနည်းငယ်စော၍ ပြုလိုက်သည့် အချိန်အခိုက်အတန့်သည် ရုကူအ်မှ အိမာမ်က ပြန်ထသွားပြီးနောက် နောက်လိုက်များက ရုကူအ်၌ ဆက်လက်ကျန်ရှိနေခဲ့သော အချိန်အခိုက်အတန့်နှင့် ကြာချိန်တူသဖြင့် အိမာမ်နှင့် နောက်လိုက်များ ရုကူအ်တွင် ကြာမြင့်ချိန် တူသွားသည်။

အိမာမ်ရှေ့ဆောင်က စူရဟ်ဖာသိဟဟ် ဖတ်ပြီးသည့်အခါ အာမီးန် ဆိုကြရန်တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဤတောင်းဆုတော်ကို လက်ခံတော်မူသည်။

ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းမှုကို ကြားတော်မူပြီး ထိုအပေါ် အကျိုးကုသိုလ် ချီးမြှင့်တော်မူသည်။

(ဂျမာအသ်ဖြင့်) ဆွလာသ် ဆောက်တည်သည့်အခါ ဆွဖ်အတန်းများ စီတန်းရန်သတ်မှတ်ထားသည်။

التصنيفات

ဆွလာသ်ဝတ်ပြုရမည့်ပုံစံ။, အိမာမ် ရှေ့ဆောင်နှင့် နောက်လိုက် ဝတ်ပြုသူ (မုက္ကသဒီ)တို့၏ အမိန့်ပညတ်ချက်များ။