“ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်းဝတ်ပြုခြင်းထက် အဆပေါင်း နှစ်ဆယ့်ငါးဆ ပိုမိုမြင့်မြတ်သည်။…

“ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်းဝတ်ပြုခြင်းထက် အဆပေါင်း နှစ်ဆယ့်ငါးဆ ပိုမိုမြင့်မြတ်သည်။ ထို့ပြင် ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် ဖဂျရ်ဆွလာသ်အချိန်၌ စုဝေးကြသည်

အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်းဝတ်ပြုခြင်းထက် အဆပေါင်း နှစ်ဆယ့်ငါးဆ ပိုမိုမြင့်မြတ်သည်။ ထို့ပြင် ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် ဖဂျရ်ဆွလာသ်အချိန်၌ စုဝေးကြသည်။” ထို့နောက် အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟ်အန်ဟု)က မိန့်ကြားသည်မှာ- အကယ်၍ အသင်တို့ အလိုရှိပါက ဤအာယသ်တော်ကို ရွတ်ဖတ်နိုင်သည်- {အမှန်စင်စစ် မိုးသောက်ချိန် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်မှု (ဖဂျရ်ဆွလာသ် ဝတ်ပြုမှု)သည် (ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်သည်။} (အလ်-အိစ်ရာအ်၊ ၇၈)

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- အမျိုးသားတစ်ဦးသည် ဗလီ၌ အိမာမ်နှင့်အတူ ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းသည် သူ့အိမ်၌ဖြစ်စေ၊ ဈေး၌ဖြစ်စေ တစ်ဦးတည်း ဝတ်ပြုခြင်းထက် အဆပေါင်း နှစ်ဆယ့်ငါးဆ ပိုမိုမြင့်မြတ်သည်။ ထို့နောက် ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် ဖဂျရ်ဆွလာသ်အချိန်၌ စုဝေးကြကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ထို့နောက် အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟ်အန်ဟု)က ထို့အတွက် သက်သေကိုးကားတင်ပြသည့်အနေဖြင့် မိန့်ကြားသည်မှာ - အကယ်၍ အသင်တို့အလိုရှိပါက ဤအာယသ်တော်ကို ရွတ်ဖတ်နိုင်သည်- {အမှန်စင်စစ် မိုးသောက်ချိန် ကုရ်အာန် ကျမ်းတော်မြတ် ဖတ်ရွတ်မှု (ဖဂျရ်ဆွလာသ်ဝတ်ပြုမှု)သည် (ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်သည်။} (အလ်-အိစ်ရာအ်၊ ၇၈) ဆိုလိုသည်မှာ ဖဂျရ်ဆွလာသ်ဝတ်ပြုမှုကို ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် လာရောက်စုရုံးပါဝင်ကြသည် ဟူ၍ဖြစ်သည်။

فوائد الحديث

၁။ အိဗ်နုဟဂျရ်က မိန့်ဆိုခဲ့သည်မှာ - ဗလီဝတ်ကျောင်းတွင် လူစုလူဝေးဖြင့် ဆွလာသ်ဝတ်ပြုခြင်း၏ သာလွန်ကောင်းမွန်မှုသည် အိမ် (သို့) ဈေးတွင် လူစုလူဝေးဖြင့် (သို့) တစ်ယောက်တည်း ဖတ်ခြင်းထက် သာလွန်သည်။ ဤအချက်ကို အိဗ်နုဒက်ီကိလ်အီးဒ် ကပြောခဲ့ခြင်းဖြစ်သည်။

၂။ ဤဟဒီးစ်တွင် ဖဂျရ်ဆွလာသ်၏ ထူးကဲမြင့်မြတ်ကို ဖော်ပြထားသည်။ အကြောင်းမှာ ထိုအချိန်သည် ကောင်းကင်တမန်များ စုဝေးခြင်း၏ အထူးသီးသန့် ဂုဏ်အင်္ဂါရပ် ရှိသောကြောင့်ဖြစ်သည်။

၃။ အိဗ်နုဘာဇ်က မိန့်ဆိုသည်မှာ- "မွတ်စ်လင်မ်တစ်ဦးသည် အိမ်နှင့်ဗလီအကွာအဝေး မည်မျှဝေးဝေးရှိစေကာမူ၊ ဂျမာအသ်လူစုလူဝေးဖြင့် ဆွလာသ်ဝတ်ပြုခြင်းကို အမြဲတစေပုံမှန်ကျင့်သုံးရန် ကြိုးစားသင့်သည်။ သို့မှသာ ဤကြီးမားသောကောင်းကျိုးကို ရယူနိုင်မည် ဖြစ်သည်။

၄။ အိမာမ်နဝဝီက ဂျမာအသ်ဖြင့်ဆွလာသ်ဝတ်ပြုခြင်း၏ ရိဝါယသ်ဆင့်ပြန်ချက်များကို ပေါင်းစပ်ရှင်းလင်းရာတွင် မိန့်ကြားသည်မှာ- ဂျမာအသ်ဖြင့်ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်းဆွလာသ်ဝတ်ပြုခြင်းထက် ၂၅ ဆ သာသည်ဟု ဆိုထားပြီး အခြားဆင့်ပြန်ချက်တစ်ခုတွင် ၂၇ ဆ သာသည်ဟု ဆိုထားသည်။ ထိုဆင့်ပြန်ချက်နှစ်ခုကို အချက်သုံးချက်ဖြင့် ပေါင်းစည်းနိုင်သည်-

ပထမအချက်- ၎င်းတို့သည် ဆန့်ကျင်ဘက်မဟုတ်ပေ။ အကြောင်းမှာ အနည်းငယ်ကို ဖော်ပြခြင်းသည် အမြောက်အမြားကို ငြင်းပယ်ခြင်းမဟုတ်ချေ။ ထို့ပြင် အူစူလ်ဥပဒေပညာရှင်များ၏အဆိုအရ ကိန်းဂဏန်း၏ သဘောတရား (သတ်မှတ်ကိန်း၏ ဆိုလိုရင်းကို သီးသန့်ယူဆခြင်း) သည် မမှန်ကန်ပေ။

ဒုတိယအချက်- ရှေးဦးစွာ အဆ ၂၅ ဆ ကို မိန့်ကြားပြီးနောက် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား ပိုမိုသည့် အဆင့်အတန်းများကို အသိပေးတော်မူခဲ့၍ ၎င်း (၂၇ ဆ) အား မိန့်ကြားခဲ့ခြင်းဖြစ်သည်။

တတိယအချက်- ဆွလာသ်ဝတ်ပြုသူများ၏ အခြေအနေနှင့် ဝတ်ပြုသည့်ဆွလာသ်ပေါ်မူတည်၍ ကွဲပြားနိုင်သည်။ အချို့အတွက် ၂၅ ဆ ရနိုင်ပြီး အချို့အတွက် ၂၇ ဆ ရနိုင်သည်။ ၎င်းသည် ဆွလာသ်၏ ပြီးပြည့်စုံမှု၊ ယင်း၏ အခြေအနေများကို ထိန်းသိမ်းမှု၊ စိတ်ပါဝင်စားမှု၊ ဂျမာအသ်ဖြင့်ဝတ်ပြုသူများ များပြားမှု၊ ၎င်းတို့၏ ထူးကဲမြင့်မြတ်မှု၊ နေရာဒေသ၏ ထူးကဲမြင့်မြတ်မှုစသည့် အချက်များပေါ်တွင် မူတည်သည်။ အလ္လာဟ်အရှင်မြတ်သာလျှင် အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။

التصنيفات

ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်း၏ ထွတ်မြတ်မှုနှင့် ၎င်း၏အမိန့်ပညတ်ချက်များ။