အလ္လာဟ်အရှင်မြတ်သည်ဂျန္နသ်နှင့် ဂျဟန္နမ်ကိုဖန်ဆင်းပြီးသည့်နောက် ဂျစ်ဗ်ရီလ် (အလိုင်းဟိစ္စလာမ်)အား…

အလ္လာဟ်အရှင်မြတ်သည်ဂျန္နသ်နှင့် ဂျဟန္နမ်ကိုဖန်ဆင်းပြီးသည့်နောက် ဂျစ်ဗ်ရီလ် (အလိုင်းဟိစ္စလာမ်)အား စေလွှတ်တော်မူခဲ့၏။

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(အလိုင်းဟိစ္စလာမ်)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။ထို့နောက် အရှင်မြတ်က မိန့်တော်မူသည်မှာ အသင်သည် ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ၎င်းတို့အားကြည့်ရှုပြီး ပြန်လာခဲ့သည်။ ထို့နောက် ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ မည်သူမဆို ထိုဂျန္နသ်သုခဘုံအကြောင်း ကြားသိခဲ့ပါက မုချဝင်ရောက်မည်ပင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံထားရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က အသင်ဂျန္နသ်သို့သွားရောက်၍ ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါဂျစ်ဗ်ရီလ်(အလိုင်းဟိစ္စလာမ်)က ဂျန္နသ်သုခဘုံကို ကြည့်ရှုရာ မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံခြင်းခံထားရသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့နောက် အရှင်မြတ်ကမိန့်တော်မူသည်မှာ အသင်သည် ဂျဟန္နမ် ငရဲဘုံနှင့် ၎င်းထဲ၌ ငရဲသားတို့အဖို့ ပြင်ဆင်ထားသောအရာများကို သွားရောက်ကြည့်ရှုလော့။ ထိုအခါ ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်)သည် ဂျဟန္နမ်ငရဲဘုံကို ကြည့်ရှု့ခဲ့ရာ ၎င်းမှမီးတောက်မီးလျှံများ လွင့်ဖြာထွက်နေသည်ကို မြင်တွေ့ခဲ့သည်။ ထို့နောက်ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)ကပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ပြောဆိုပါသည်။ ထိုဂျဟန္နမ်ငရဲဘုံအား မည်သူမျှ ဝင်ရောက်လိမ့်မည်မဟုတ်ပါ။ ထိုအခါအလ္လာဟ်အရှင်မြတ်က ၎င်းဂျဟန္နမ်အား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားရန်အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်က အသင်ဂျဟန္နမ်အား ပြန်သွားကြည့်လော့ဟုမိန့်တော်မူသည်။ထိုအခါ ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)က ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ ၎င်းသည် စိတ်အလိုရမ္မက်များဖြင့် ဝန်းရံခြင်းခံထားရသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက်ပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်နိုင်ဘဲ ဝင်ရောက်ကြမည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] [အဗူဒါဝူဒ်ကျမ်း။]

الشرح

အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(အလိုင်းဟိစ္စလာမ်)အား ဂျန္နသ်သို့စေလွတ်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က ၎င်းအား အသင်ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြုလုပ်ထားသော သုခစည်းစိမ်များကိုကြည့်ရှုလော့ဟု မိန့်တော်မူခဲ့သည်။ ဂျစ်ဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ၎င်းတို့အားကြည့်ရှုပြီးနောက် လျှောက်ထားသည်မှာ အရှင်မြတ်၏ ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ၎င်းဂျန္နသ်၌ စိတ်လိုလားနှစ်သက်ဖွယ်ရာများနှင့် အရသာရှိသောအရာများ ရှိနေခြင်းကြောင့်တစ်စုံတစ်ယောက်သည် ထိုဂျန္နသ်အကြောင်း ကြားသိခဲ့ပါက မုချဝင်ရောက်မည်ပင်ဖြစ်သည်။ ထိုအခါအလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံထားရန် အမိန့်ပေးတော်မူခဲ့သည်။ ဆိုလိုသည်မှာ ဂျန္နသ်သို့ရောက်နိုင်မည့်လမ်းများကို ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်း၊ ဇကာသ်ပေးခြင်း၊ ဂျိဟာဒ်ပြုလုပ်ခြင်းကဲ့သို့ စိတ်မနှစ်သက်ဖွယ်ရာများ ခက်ခဲပင်ပန်းမှုများ စသည်တို့ဖြင့် သတ်မှတ်ခဲ့သည်။ ထို့သို့ မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံပြီးနောက် အရှင်မြတ်က ဂျစ်ဗ်ရီလ်(အလိုင်းဟိစ္စလာမ်)အား ဂျန္နသ်သို့သွားရောက်ကြည့်ရှုရန် အမိန့်ပေးခဲ့သည်။ ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ဂျန္နသ်ကိုကြည့်ရှုပြီးနောက် လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျန္နသ်အား မည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ဆိုလိုသည်မှာ မနှစ်မြို့ဖွယ်ရာများဝန်းရံထားသည့်အတွက် ဂျန္နသ်သို့ရောက်ရှိရန် ခက်ခဲသွားပြီဖြစ်သည်။ လူတို့သည် ထိုမနှစ်မြို့ဖွယ်ရာများ၏ ပင်ပန်းမှု၊ ခက်ခဲမှုတို့အပေါ် သည်းခံနိုင်ကြမည် မဟုတ်ပါ။ ဂျန္နသ်သွားမည့်လမ်းတွင် ခက်ခဲပင်ပန်းမှုများရှိနေသည့်အတွက် ဂျန္နသ်သို့ ရောက်ရှိရန်မှာ မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံထားခြင်းမရှိမီက အခြေအနေကဲ့သို့ မဟုတ်တော့ပါ လူတိုင်းသည် မနှစ်မြို့ဖွယ်ရာများအပေါ် သည်းခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ဂျန္နသ်သို့ဝင်ရောက်မည့်သူ နည်းပါး၍ ဂျဟန္နမ်သို့ ဝင်ရောက်မည့်သူ များပြားလိမ့်မည်ဖြစ်သည်။၎င်းနောက် အရှင်မြတ်က ဂျစ်ဗ်ရီလ်(အလိုင်းဟိစ္စလာမ်)အား ဂျဟန္နမ်ငရဲဘုံနှင့် ငရဲဘုံသားတို့အတွက် ပြင်ဆင်ထားသည့် ပြစ်ဒဏ်များကိုသွားရောက်ကြည့်ရှုရန် အမိန့်ပေးတော်မူခဲ့သည်။ ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ မီးတောက်မီးလျှံများ လွင့်ဖြာထွက်နေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်လာ၍ လျှောက်ထားသည်မှာ အရှင်မြတ်၏ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျဟန္နမ်ငရဲဘုံ၌ရှိသော အဇာဗ်ပြစ်ဒဏ်များ၊ ပြင်းထန်မှုများနှင့် အလွန်ကြောက်မက်ဖွယ်ကောင်းသောအရာများကြောင့် ဂျဟန္နမ်သို့ မည်သူမျှဝင်ရောက်လိမ့်မည်မဟုတ်ပါ။ ၎င်းအပြင် ငရဲဘုံသားအဖြစ် နေထိုင်လိုသူ တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပါ။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် စိတ်အလိုရမ္မက်များကို ဂျဟန္နမ်သို့ရောက်ရှိမည့် လမ်းများအဖြစ် ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ထို့နောက် အရှင်မြတ်က ဂျစ်ဗ်ရီလ်(အလိုင်းဟိစ္စလာမ်)အား ဂျဟန္နမ်သို့ ပြန်သွား၍ ကြည့်ရှုရန်အမိန့်ပေးတော်မူသည်။ ထို့ကြောင့် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ ၎င်းအား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက် ပြန်လာ၍လျှောက်ထားသည်မှာ အရှင်မြတ်၏ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ မည်သူမျှ ဂျဟန္နမ်မှ မလွတ်မြောက်ဘဲ ၎င်းသို့ဝင်ရောက်သွားမည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။ဤသို့ဖြစ်ရခြင်းမှာ စိတ်အလိုရမ္မက်နောက်လိုက်သူများပြားခြင်း၊ တခဏတာအလိုဆန္ဒများနှင့် လက်တလောခံစားရသည့် အရသာကို ပို၍နှစ်သက်ကြခြင်း၊ နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ကြီးမားသည့်အန္တရာယ်နှင့် ဆိုးကျိုးများကိုလျစ်လျူရှုထားခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ဂျန္နသ်သည် မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံခြင်းခံထားရပြီး ဂျဟန္နမ်သည်စိတ်အလိုရမ္မက်များဖြင့် ဝန်းရံခြင်းခံထားရသည်။ ဂျန္နသ်သွားရာလမ်း၌ ပင်ပန်းမှုများ၊ ခက်ခဲမှုများရှိပြီး ဂျဟန္နမ်သွားရာလမ်း၌ မိမိ၏စိတ်အလိုဆန္ဒကို လွတ်လပ်မှုပေးထားခြင်း၊ ရှိုင်သွာန်၏အမိန့်ကိုနာခံခြင်း၊ မကောင်းမှုကိုအလွန်အမိန့်ပေးတိုက်တွန်းတတ်သော စိတ်ရိုင်းကခိုင်းစေသည့်အတိုင်းလုပ်ဆောင်ခြင်း စသည်တို့ရှိသည်။ ဤကဲ့သို့သောသူ၏ ပြန်လှည့်ရာဌာနသည် ဂျဟန္နမ်ပင်ဖြစ်ပြီး ၎င်းသည်ဆိုးရွားလှသော နေရာပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံခိုလှုံခွင့် တောင်းခံပါ၏။

فوائد الحديث

ဂျန္နသ်နှင့် ဂျဟန္နမ်သည် ယခုတည်ရှိနေသည်။ (၎င်းတို့အား ကိယာမသ်နေ့ဆိုက်ရောက်မှသာဖန်ဆင်းလိမ့်မည်။ ကိယာမသ်မတိုင်မီ တည်ရှိနေခြင်းသည် ကောင်းကျိုးလည်းမခံစားနိုင်သလို ဆိုးကျိုးလည်းမပေးနိုင်ပါ။)ဟူ၍ မပြောဆိုရပေ။ ဧကန်အမှန်ပင် ကိယာမသ်မတိုင်မီ ၎င်းတို့ရှိနေခြင်းသည် ကောင်းကျိုးလည်းခံစားနိုင်သလို ဆိုးကျိုးလည်းပေးနိုင်သည်။

လူသားသည် အကွယ်၌ရှိသောအရာများကို‘အီမာန်’ သင်ဝင်ယုံကြည်ရမည်။ မိမိ သိနားလည်သည်ဖြစ်စေ၊ မသိနားမလည်သည်ဖြစ်စေ၊ ဉာဏ်မှီသည်ဖြစ်စေ ၊ဉာဏ်မမှီသည်ဖြစ်စေ မှန်ကန်သောဆင့်ပြန်ချက်နှင့်တကွ လာရှိထားသောအရာတိုင်းကို ယုံကြည်ထောက်ခံရမည်။

မနှစ်မြို့ဖွယ်ရာများကို သည်းခံရမည်။အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဂျန္နသ်သို့ပို့ဆောင်ပေးမည့် လမ်းပင်ဖြစ်သည်။

စိတ်အလိုရမ္မက်များမှ ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဂျဟန္နမ်သို့ ပို့ဆောင်ပေးမည့်လမ်းပင်ဖြစ်သည်။

التصنيفات

နောက်ဆုံးနေ့အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။, ဂျန္နသ်နှင့် ဂျဟန္နမ် အကြောင်းအရာများ။