အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ယူတော်မူမည်။

အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ယူတော်မူမည်။

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ယူတော်မူမည်။ မိုးကောင်းကင်များကိုလက်ယာလက်၌ ခေါက်လိပ်တော်မူမည်။ ထို့နောက် မိန့်တော်မူမည်မှာ ငါအရှင်မြတ်သည်သာလျင် စိုးပိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်မှာ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ယူတော်မူမည်။ အရှင်မြတ်သည် မိုးကောင်းကင်အား မိမိ၏လက်ယာလက်ဖြင့် ဖျက်စီးပစ်တော်မူပြီး မိန့်ကြားတော်မူမည်မှာ ငါအရှင်မြတ်သည်သာလျင် အရာရာကို စိုးပိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။ယနေ့ ၎င်းတို့၏ အုပ်ချုပ်မှုအာဏာသည် အဘယ်မှာနည်း။ ၎င်းတို့၏ အလုံးစုံသော စိုးမိုးအုပ်ချုပ်မှုအာဏာသည် ပျောက်ကွယ်သွားပြီးချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ စိုးမိုးမှုအာဏာသည်သာလျင် ကျန်ရှိမည်ဖြစ်သည်။ ဤဟဒီးဆ်တော်တွင် ဘုရင်များ၊ အာဏာပိုင်များနှင့် စပ်လျဉ်း၍ ခြိမ်းခြောက်မှုပါရှိပြီး ၎င်းတို့၏ အုပ်ချုပ်မှုအာဏာသည် ပျောက်ကွယ်၊ပျက်စီးသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။ ဧကန်မုချ ထာဝရကျန်ရှိနေမည့်အုပ်ချုပ်မှုအာဏာသည် တစ်ဆူတည်းတည်ရှိတော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်တော်မူသည်။

فوائد الحديث

ဤဟဒီးဆ် ဩဝါဒတော်၌ အာဏာပိုင်များ၊ အကြီးအကဲများ၊ ခေါင်းဆောင်များ၊ အခြားသြဇာအာဏာရှိသူများနှင့် စပ်လျဉ်း၍ သတိပေးခြိမ်းခြောက်မှုတစ်ရပ် လာရှိထားသည်။ ၎င်းတို့သည် ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်၏ လက်တစ်ဆုပ်အတွင်း၌သာ ရှိနေကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် မှန်ကန် ကောင်းမွန်ခဲ့လျှင် ကောင်းကျိုးကိုရရှိမည်ဖြစ်ပြီး မကောင်းမှုပြုခဲ့ကြလျှင် မကောင်းသော အကျိုးကိုသာရရှိမည်ဖြစ်သည်။

အာဏာပိုင်များနှင့် ခေါင်းဆောင်များအား ၎င်းတို့၏ အုပ်ချုပ်မှုအာဏာသည် ပျောက်ကွယ်သွားမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ အုပ်ချုပ်မှုအာဏာသည်သာ ထာဝရကျန်ရှိနေမည်ဖြစ်ကြောင်း သတိပေးထားသည်။

အလ္လာဟ်အရှင်မြတ်တွင် အရှင်မြတ်၏ကြီးကျယ်မှု၊ ဘုန်းတန်ခိုးအာဏာတော်တို့နှင့် လျော်ညီသည့်အတိုင်း ဆွိဖာသ် ဂုဏ်တော်များရှိကြောင်း အတည်ပြုထားသည်။

ဤဟဒီးဆ် ဩဝါဒတော်၌ အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မှုနှင့် အရှင်မြတ်၏ စိုးပိုင်မှုတို့ကို ဖော်ပြထားသည်။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စိုးပိုင်တော်မူသော တစ်ဆူတည်းသော အရှင်ဖြစ်တော်မူပြီး ထာဝရ အုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူသည်။

التصنيفات

အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။, နောက်ဆုံးနေ့အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။, အလ္လာဟ်အရှင်မြတ်သည် ဂုဏ်တော် နာမတော်များကို ပိုင်ဆိုင်ရာ၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။