အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

3- ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။

5- နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။

7- အကြင်သူသည် တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း၊ အီစာ (အလိုင်ဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပြီး မရ်ယမ်သခင်မထဲသို့ထည့်သွင်းပေးခဲ့သည့် အလ္လာဟ်အရှင်မြတ်၏ (ကလိမဟ်) မုက္ခပါဌ်တော်နှင့် အရှင်မြတ်ထံတော်မှ(ဖန်ဆင်းခဲ့သည့်)ဝိညာဉ်တော်ဖြစ်ကြောင်း၊ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် ၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။

10- ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနှင့် မကောင်းမှုများကို ရေးမှတ်တော်မူပြီးနောက် ၎င်းတို့အား အသေးစိတ်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်တွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ယင်းကောင်းမှုကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့ပါက ၎င်းကို ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ၎င်းအပြင် အကြင်သူသည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့လျှင် ၎င်းကို သူ့အတွက် အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူမည်။

13- ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့သည်။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက် သင်သည် အခြားအရာများကို အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။

15- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။

22- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။

25- အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး ၎င်းသူ၏ ရုပ်ပုံများကိုကျောင်းထဲတွင် ရေးဆွဲခဲ့ကြသည်။ထို့ကြောင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြသည်။

27- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။

30- အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။

31- ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။

33- အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။