အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ် အဖြစ်သတ်မှတ်ထားတော်မူသည်။…

အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ် အဖြစ်သတ်မှတ်ထားတော်မူသည်။ ထို့အတူ အသင်တို့ ကြား၌လည်း ၎င်းအား ဟရာမ်အဖြစ် သတ်မှတ်တော်မူလိုက်သည်။ သို့ရှိရာ အသင်တို့အချင်းချင်း မတရားမှုမပြုကြလေနှင့်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်လမ်းမှန်တရားချီးမြှင့်သူမှအပ အသင်တို့အားလုံးသည် လမ်းမှားနေကြသူများဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် လမ်းမှန်တရားကို တောင်းခံကြလေကုန်၊ ငါအရှင်မြတ်သည် အသင်တို့အား လမ်းမှန်တရား ချီးမြှင့်တော်မူမည်။

အဗူဇရ်ဂိဖာရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏အရှင်မြတ်ထံတော်မှတဆင့် ဆင့်ပြန်ခဲ့သည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ် အဖြစ်သတ်မှတ်ထားတော်မူသည်။ ထို့အတူ အသင်တို့ ကြား၌လည်း ၎င်းအား ဟရာမ်အဖြစ် သတ်မှတ်တော်မူလိုက်သည်။ သို့ရှိရာ အသင်တို့အချင်းချင်း မတရားမှုမပြုကြလေနှင့်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်လမ်းမှန်တရားချီးမြှင့်သူမှအပ အသင်တို့အားလုံးသည် လမ်းမှားနေကြသူများဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် လမ်းမှန်တရားကို တောင်းခံကြလေကုန်၊ ငါအရှင်မြတ်သည် အသင်တို့အား လမ်းမှန်တရား ချီးမြှင့်တော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ် ကျွေးမွေးသူမှလွဲ၍ အသင်တို့အားလုံးသည် ငတ်မွတ်နေသူများပင်ဖြစ်သည်။ သို့ရှိရာအသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် စားနပ်ရိက္ခာ တောင်းခံကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့အား စားနပ်ရိက္ခာ ချီးမြှင့်တော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်ဝတ်ဆင်ပေးသူမှအပ အသင်တို့အားလုံးသည် အဝတ်အစား ကင်းမဲ့သူများပင်ဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင်အဝတ်အစားဆင်မြန်းပေးရန် တောင်းခံကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့အား အဝတ်အစား ဆင်မြန်းပေးတော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ဧကန်အမှန်ပင် အသင်တို့သည် နေ့နှင့်ညတွင် အပြစ်အကုသိုလ်များ ကျူးလွန်နေကြသည်။ငါအရှင်မြတ်သည် အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံကြလေကုန် ငါအရှင်မြတ်သည် အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်အား မည်သည့်အခါတွင်မျှ ဆိုးကျိုး ပေးနိုင်ကြမည်မဟုတ်၊ ငါအရှင်မြတ်အား မည်သည့်အခါတွင်မျှကောင်းကျိုးလည်းပြုနိုင်မည် မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် သင်တို့အနက်မှ အမိန့်နာခံမှုအရှိဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ဤသည် ငါအရှင်မြတ်၏ စိုးပိုင်မှု အာဏာတွင် တစ်စုံတစ်ရာမျှ တိုးလာမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် သင်တို့အနက်မှ အမိန့်အဖီဆန်ဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ဤသည် ငါအရှင်မြတ်၏ စိုးပိုင်မှု အာဏာတွင်တစ်စုံတစ်ရာမျှ လျော့နည်းသွားမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် ကွင်းပြင်ကြီးတစ်ခု၌ ရပ်၍ ငါအရှင်မြတ်ထံမှ (မိမိတို့၏ လိုအပ်ချက်များကို) တောင်းခံကြပြီး ငါအရှင်မြတ်သည် တစ်ဦးချင်းစီ၏ တောင်းခံမှုကို ချီးမြှင့်ခဲ့လျှင်လည်း ပင်လယ်ထဲသို့ အပ်တစ်ချောင်းကို နှစ်မြုပ်လိုက်၍ ပြန်ထုတ်သည့်အခါ လျော့နည်းခြင်း မရှိသကဲ့သို့ပင် ငါအရှင့်ထံတော်မှ တစ်စုံတစ်ရာမျှ လျော့နည်းသွားမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ဧကန်အမှန်ပင်ဤသည် အသင်တို့၏ လုပ်ရပ်များပင်ဖြစ်ပြီး ငါအရှင်မြတ်သည် ထိုလုပ်ရပ်များကို အသင်တို့အတွက် မှတ်တမ်းတင် ထားတော်မူသည်။ ၎င်းနောက်(ကိယာမသ်နေ့၌) ထိုလုပ်ရပ်များကို အသင်တို့အား အပြည့်အဝ ပြန်လည် အစားပေးမည်ဖြစ်သည်။ မည်သူမဆို ကောင်းမြတ်သည့်အစားကို ရရှိခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနပြု(ကျေးဇူးတင်)ပါလေ။ မည်သူမဆို (ကောင်းမြတ်သည့်အစား မဟုတ်ဘဲ) အခြားအရာကို ရရှိခဲ့လျှင် ထိုသူသည် မိမိကိုယ် မိမိသာ အပြစ်တင်ပါလေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

သာသနာ့ အခြေခံအုတ်မြစ်များ၊ သာသနာ့အကိုင်းအလက်များ၊ စည်းစနစ်များနှင့် သက်ဆိုင်သော ကြီးကျယ်လှသည့် အကျိုးကျေးဇူးများပါရှိသည့် ဤဟဒီးဆ် ကုဒုစီက ကျွန်တော်တို့အား ညွှန်ပြထားသည်မှာ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်မှ ကျေးဇူးပြုသည့် အနေဖြင့်လည်းကောင်း၊ ကျွန်များအား ကောင်းကျိုးပြုသည့်အနေဖြင့် လည်းကောင်း မတရားမှုကို မိမိအပေါ်တွင် ဟရာမ်အဖြစ် သတ်မှတ်တော်မူပြီး မိမိ၏ အဖန်ဆင်းခံတို့ အပေါ်၌လည်း မတရားမှုကို ဟရာမ်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ထို့ကြောင့် တစ်ဦးကို တစ်ဦး မတရားလုပ်ခွင့်မရှိပေ။ ဧကန်အမှန်ပင် အဖန်ဆင်းခံများတွင် အလ္လာဟ်အရှင်မြတ် လမ်းမှန်တရားချီးမြှင့်သူ၊ လမ်းမှန်တရားပေါ်တွင် လျှောက်လှမ်းနိုင်စွမ်းပေးသနားထားသူတို့မှလွဲ၍ ကျန်အားလုံးသည် လမ်းမှန်တရားမှ လမ်းလွဲနေသူများပင်ဖြစ်ကြသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင်တောင်းခံပါက အရှင်မြတ်သည် ၎င်းအား လိုက်နာနိုင်စွမ်း ချီးမြှင့်တော်မူပြီး၊ လမ်းမှန်တရားကို ပြသပေးတော်မူမည်ဖြစ်သည်။ ဧကန်အမှန်ပင် အဖန်ဆင်းခံတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ လိုလားတောင်းတသူများ၊လိုအပ်ကြသူများပင် ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ် ထံတော်ပါးတွင် တောင်းခံပါက အရှင်မြတ်သည် ၎င်း၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးတော်မူမည်။ အရှင်မြတ်သည် ၎င်းတို့အဖို့ လုံလောက်တော်မူသည်။ လူသားတို့သည် နေ့နှင့်ညတွင် အပြစ်များ ကျူးလွန်လျက်ရှိကြသည်။ ကျွန်တို့က ခွင့်လွှတ်ချမ်းသာမှု တောင်းခံသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ပေးပြီး၊ အရေးမယူဘဲ လျစ်လျူရှုတော်မူလိုက်သည်။ လူသားတို့သည် အလ္လာဟ်အရှင်မြတ်အားတစ်စုံတစ်ရာ ထိခိုက်နစ်နာစေရန် သို့မဟုတ် တစ်စုံတစ်ရာ အကျိုးပြုရန်အတွက် မိမိတို့၏ အပြောအဆိုများ၊ လုပ်ရပ်များနှင့် မည်မျှပင် ကြိုးစားကြသည်ဖြစ်စေ အလျင်းတတ်စွမ်းနိုင်မည်မဟုတ်ချေ။ အကယ်၍ ၎င်းတို့သည် အမိန့်နာခံမှုအရှိဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ သို့မဟုတ် အမိန့်အဖီဆန်ဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ၎င်းတို့၏ အမိန့်နာခံမှုသည် အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှု အာဏာကိုတစ်စုံတစ်ရာမျှ တိုးလာစေမည် မဟုတ်သလို ၎င်းတို့၏ အမိန့်ဖီဆန်မှုသည်လည်း အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှု အာဏာကို တစ်စုံတစ်ရာမျှ လျော့နည်းစေမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အားအင်ချည့်နဲ့သူများ ဖြစ်ကြပြီး အခြေအနေတိုင်း၊ အချိန်အခါတိုင်း၊ နေရာတိုင်းတွင် အလ္လာဟ်အရှင်မြတ်ကို လိုလားတောင့်တ နေကြသူများပင်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် တစ်နေရာတည်း၌ ရပ်၍ အလ္လာဟ်အရှင်မြတ်ထံ တပြိုင်နက် တောင်းခံကြပြီး အရှင်မြတ်သည် တစ်ဦးစီ၏တောင်းခံမှုအား ချီးမြှင့်လိုက်လျှင်လည်း ထိုသို့ ပေးကမ်းချီးမြှင့်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်မှ တစ်စုံတစ်ရာမျှပင် လျော့နည်းသွားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်၏ ဘဏ္ဍာတော်များသည် နေ့ရော ညပါ ပေးကမ်းချီးမြှင့်နေခြင်းကြောင့် အနည်းငယ်မျှပင် လျော့နည်းသွားမည်မဟုတ်ဘဲ ပြည့်စုံကုံလုံလျက်ပင်ရှိနေမည်ဖြစ်သည်။ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များ၏ ပြုမူဆောင်ရွက်ချက်များ အကျိုး၊အပြစ် အစရှိသည်တို့ကို မှတ်တမ်းတင် ထိန်းသိမ်းထားတော်မူသည်။ ၎င်းနောက် ကိယာမသ်နေ့တွင် ထိုဆောင်ရွက်ချက်များအပေါ်အစားပြန်လည်ချီးမြှင့်မည်ဖြစ်သည်။ အကြင်သူသည် မိမိဆောင်ရွက်ချက်အပေါ် ကောင်းမြတ်သည့် အစားပြန်လည်ရရှိပါက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံခွင့်ရသည့်အပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုရမည်ဖြစ်သည်။ အကြင်သူသည် မိမိဆောင်ရွက်ချက်အပေါ် ကောင်းမြတ်သည့် အစားမဟုတ်ဘဲ အခြားတစ်စုံတစ်ရာကိုရရှိခဲ့လျှင် မကောင်းမှုကို အလွန်အမိန့်ပေး တိုက်တွန်းပြီး၊ ဆုံးရှုံးမှုသို့ ခေါ်ဆောင်ခဲ့သော မိမိ၏ စိတ်နှလုံးသားကိုသာအပြစ်တင်ရမည် ဖြစ်သည်။

فوائد الحديث

အချို့သော ဟဒီးဆ်ဩဝါဒတော်များသည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်အနက်မှပင်ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းမုက္ခပါဌ်တော်အား မိမိ၏ အရှင်မြတ်ထံတော်မှ တဆင့် ပြန်လည်ဆင့်ပြန်ခြင်း ဖြစ်သည်။ ၎င်းဩဝါဒတော်အား ဟဒီးဆ်ကုဒုဆီ (သန့်စင်မွန်မြတ်လှသည့် ဟဒီးဆ်တော်) သို့မဟုတ် ဟဒီးဆ် အိလာဟီ(ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သောအရှင်၏ ဟဒီးဆ်တော်)ဟူ၍ ခေါ်ဆိုသည်။

စကားပြောဆိုခြင်း ဟူသည့် ဂုဏ်တော်အား ကြီးကျယ်မြင့်မြတ်တော်မူသော် အလ္လာဟ်အရှင်မြတ်အတွက် အတည်ပြုတင်ပြထားသည်။ ထိုသို့ စကားပြောဆိုခြင်းအကြောင်း ကျမ်းမြတ်ကုရ်အာန်၌ မြောက်မြားစွားပါရှိသည်။ ၎င်းသည်အဟ်လွတ်စ် စွန္နဟ် ဝလ်ဂျမာအသ်၏ ယုံကြည်ချက်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်၏ စကားတော်သည် အသံနှင့်တကွဖြစ်ကြောင်း အပေါ်အထောက်အထားလည်းဖြစ်သည်။ ကြားနိုင်မှသာလျှင် စကားဟု ခေါ်ဝေါ် သုံးစွဲနိုင်မည်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် မတရားပြု နိုင်ပါလျက်နှင့် မတရားမှုအား မိမိပေါ်တွင် ဟရာမ်အဖြစ် ပြုလုပ်ထားခြင်းသည် အရှင်မြတ်၏ ပြီးပြည့်စုံသည့် တရားမျှတမှုကြောင့် ဖြစ်သည်။

မတရားမှုအား တားမြစ်ထားသည်။

အလ္လာဟ်အရှင်မြတ်၏ ရှရီအဟ် တရားလမ်းစဉ်များသည် တရားမျှတမှုအပေါ် တွင် အခြေခံထားသည်။

အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များအနက် မတရားမှုပြုခြင်း ကဲ့သို့သော ငြင်းပယ်ရမည့် ဂုဏ်တော်လည်းရှိသည်။ သို့သော် ကြီးကျယ် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များ၌ ငြင်းပယ်ရသော ဂုဏ်တော်များသည် ၎င်း၏ဆန့်ကျင်ဘက်ကို အတည်ပြုရန်အတွက်သာ ငြင်းပယ်ရခြင်းဖြစ်သည်။ ဥပမာ- မတရားမှုပြုခြင်းကို ငြင်းပယ်ခြင်းသည် ၎င်း၏ဆန့်ကျင်ဘက်ဖြစ်သော လျော့နည်းမှုအလျင်းမရှိသည့် ပြည့်စုံလှသောတရားမျှတမှုကို အတည်ပြုရန်အတွက်သာဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသည့်အရာကို မိမိအပေါ်တွင် ဟရာမ်အဖြစ် သတ်မှတ်ခွင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အလုံးစုံသော စီရင်ဆုံးဖြတ်မှု အာဏာတို့သည် အရှင်မြတ်ထံတော်တွင်သာ ရှိတော်မူသည်။ ထိုနည်းတူ အရှင်မြတ်သည် မိမိအလိုရှိသည့်အရာကို မိမိအပေါ်တွင် တာဝန်အဖြစ် သတ်မှတ်ခွင့်ရှိသည်။

အလ္လာဟ်အရှင်မြတ်က “အလာနဖ်စီ”ဟု မိန့်ကြားထားသည်။ နဖ်စ် ဟူသောစကားလုံးသည် မူလပကတိ အပေါ်သုံးစွဲခြင်းဖြစ်သည်။ အရှင်မြတ်၏ နဖ်စ်ဟူသည် အရှင်မြတ်၏ (ဇာသ်) မူလပကတိတော်ကို ဆိုလိုခြင်းဖြစ်သည်။

လူသားအားလုံးသည် မိမိတို့ကြုံတွေ့ရသည့် ကိစ္စတိုင်း၌ အလ္လာဟ်အရှင်မြတ် ဘက်တော်သို့လှည့်ရန် တာဝန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အဖန်ဆင်းခံအားလုံးသည် အလ္လာဟ်အရှင်မြတ်ကို လိုအပ်သည့်အတွက်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်၏ ပြီးပြည့်စုံသော တရားမျှတမှု၊ စိုးပိုင်မှု၊ ကြွယ်ဝပြည့်စုံမှုနှင့်မိမိ၏ကျွန်များအပေါ် ကောင်းကျိုးပြုမှု စသည်တို့ကိုသိရှိရသည်။ ကျွန်များသည် မိမိတို့၏ လိုအင်ဆန္ဒများပြည့်ဝစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်သို့လှည့်ရန် တာဝန်ရှိသည်။

ဟိဒါယသ် လမ်းမှန်တရားကို အလ္လာဟ်အရှင်မြတ်ထံတော်၌သာ တောင်းခံရမည်။ ဟဒီးဆ် ကုဒုဆီတွင် လာရှိသည်မှာ “အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် လမ်းမှန်တရားကို တောင်းခံကြလေကုန်၊ ငါအရှင်မြတ်သည် အသင်တို့အား လမ်းမှန်တရား ချီးမြှင့်တော်မူမည်။”

လူသားတိုင်းသည် မူလ၌ လမ်းမှားနေသူများပင် ဖြစ်ကြသည်။ လမ်းမှားခြင်းဟူသည် အမှန်တရားကို မသိနားမလည်ခြင်း၊ လိုက်နာကျင့်သုံးမှုမရှိခြင်းကို ဆိုလိုသည်။

အရှင့်ကျွန်များတွင် အသိပညာနှင့် လမ်းမှန်တရား ရရှိခြင်းတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းမှန်တရား ချီးမြှင့်မှု၊ အသိပညာ ချီးမြှင့်မှု တို့ကြောင့်ပင်ဖြစ်သည်။

ကောင်းခြင်းဟူသမျှသည် အလ္လာဟ်အရှင်မြတ်က မိမိ၏ကျွန်များအပေါ် ၎င်းတို့၏ ရပိုင်ခွင့်ကြောင့်မဟုတ်ပဲ မိမိဘက်တော်မှ ကျေးဇူးပြုခြင်းသာဖြစ်သည်။ မကောင်းခြင်း ဟူသမျှသည် လူသားတို့၏ စိတ်အလိုရမ္မက် နောက်လိုက်ခြင်းကြောင့်သာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဧကန်အမှန် လူသားသည် မိမိလုပ်ရပ်အားဖန်ဆင်းနိုင်သူ မဟုတ်ပေ။ သို့သာမက လူသားနှင့် ၎င်း၏လုပ်ရပ် နှစ်ခုစလုံးသည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများသာ ဖြစ်ကြသည်။

အပြစ် အကုသိုလ်များသည် မည်မျှပင်များပြားသည်ဖြစ်စေ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ထိုအပြစ် အကုသိုလ်များအား ခွင့်လွှတ်တော်မူမည်ဖြစ်သည်။ သို့သော် လူသားသည် ခွင့်လွှတ်မှု တောင်းခံရန် လိုအပ်ပေသည်။ ထို့ကြောင့်ပင် ဟဒီးဆ် ကုဒုဆီ၌ အမိန့်ရှိထားသည်မှာ “အသင်တို့သည် ငါအရှင့်ထံ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံကြလေကုန် ငါအရှင်မြတ်သည် အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူမည်။”

မည်သူမဆို ကောင်းမှုကို ကျင့်ဆောင်နိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးမှုကြောင့်သာဖြစ်သည်။ ကောင်းမှုအပေါ် အစားပေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် သက်သက်သာဖြစ်သည်။ ချီးမွမ်းထောမနာပြုခြင်း အပေါင်းသည် ထိုအရှင်မြတ် အဖို့သာဖြစ်သည်။

التصنيفات

အကီဒဟ် ယုံကြည်ချက်။, အကီဒဟ် ယုံကြည်ချက်။, အလ္လာဟ်အရှင်မြတ်သည် ဂုဏ်တော် နာမတော်များကို ပိုင်ဆိုင်ရာ၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။, အလ္လာဟ်အရှင်မြတ်သည် ဂုဏ်တော် နာမတော်များကို ပိုင်ဆိုင်ရာ၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။