အကီဒဟ် ယုံကြည်ချက်။

အကီဒဟ် ယုံကြည်ချက်။

2- ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။ကိုယ်တော်မြတ်သည် မိမိ၏နောက်လိုက်သားတို့အား ၎င်း(ယဟူဒ်၊နဆွာရာ)တို့လုပ်ကြသကဲ့သို့(မလုပ်ကြရန်) သတိပေးခြိမ်းခြောက်တော်မူသည်။ ထိုသို့ဖြစ် လာမည်ကို မစိုးရိမ်ရပါက ကိုယ်တော်၏ကဗရ်အား ပေါ်လွင်ထင်ရှားစွာ ထားမည်ဖြစ်သည်။ သို့သော် ကိုယ်တော်သည် ကဗရ်အား စဂ်ျဒဟ်ဦးချရာနေရာအဖြစ် သတ်မှတ်မည်ကို စိုးရိမ်ခဲ့သည်။

6- ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။

9- မုနာဖိက်(အရေခြုံမွတ်စလင်မ်)တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူမည်။ အိကာမသ်ဆိုပြီးသည့်အခါ လူတို့အားဦးဆောင် ဆွလာသ်ဆောက်တည်ရန် ပုဂ္ဂိုလ်တစ်ဦးအား အမိန့်ပေးတော်မူမည်။ ထို့နောက် ငါကိုယ်တော်သည် ထင်းစီးများပါရှိသော လူတို့နှင့်အတူ(ဂျမာအသ်ဖြင့်)ဆွလာသ်ဆောက်တည်ရန် မလာကြသူများထံသွားပြီး ၎င်းတို့နှင့်အိမ်ကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူသည်။

12- အလ္လာဟ်အရှင်မြတ်က ဟလာလ် ဟူ၍ သတ်မှတ်ထားသည်တို့ကို ၎င်းတို့က ဟရာမ် ဟူ၍ သတ်မှတ်လိုက်သည့်အခါ အသင်တို့သည်လည်း ဟရာမ် ဟူ၍ပင် သတ်မှတ်ခဲ့ကြသည်မဟုတ်လော။ အလ္လာဟ်အရှင်မြတ်က ဟရာမ် ဟူ၍ သတ်မှတ်ထားသည်တို့ကို ၎င်းတို့က ဟလာလ် ဟူ၍ သတ်မှတ်လိုက်သည့်အခါ အသင်တို့သည်လည်း ဟလာလ် ဟူ၍ပင် သတ်မှတ်ခဲ့ကြသည်မဟုတ်လော။ ထိုအခါ ကျွန်တော်က ဟုတ်ပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က ဤသည်ပင် ၎င်းတို့အား ခဝပ်ကိုးကွယ်ခြင်းဖြစ်သည် ဟုမိန့်ကြားခဲ့သည်။

13- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။

15- နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။

17- အကြင်သူသည် (အတိတ်နိမိတ်ဆိုးကောက်၍) ထိုနိမိတ်ဆိုးကောက်ခြင်းက သူရည်ရွယ်ထားသည့်ကိစ္စကို ရပ်ဆိုင်းစေခဲ့လျှင် ထိုသူသည် ရှိရ်က်အမှုကို ကျူးလွန်ခြင်းဖြစ်သည်။ သာဝကြီးများက ထိုပြစ်မှုအတွက် အပြစ်ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်) မှာအဘယ်အရာပါနည်း ဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က အောက်ပါအတိုင်း တောင်းဆုပြုရန် မိန့်ကြားတော်မူသည်။ ( အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်ထံရှိသည့် ကောင်းချီးမင်္ဂလာမှအပ အခြားကောင်းချီးမင်္ဂလာဟူ၍ မရှိ၊ အရှင်မြတ်သတ်မှတ်ထားသည့် ပြစ်ဒဏ်၏ မကောင်းမှုမှအပ အခြားနိမိတ်ဆိုးဟူ၍မရှိ၊ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ။)

18- အကြင်သူသည် တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း၊ အီစာ (အလိုင်ဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပြီး မရ်ယမ်သခင်မထဲသို့ထည့်သွင်းပေးခဲ့သည့် အလ္လာဟ်အရှင်မြတ်၏ (ကလိမဟ်) မုက္ခပါဌ်တော်နှင့် အရှင်မြတ်ထံတော်မှ(ဖန်ဆင်းခဲ့သည့်)ဝိညာဉ်တော်ဖြစ်ကြောင်း၊ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် ၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။

19- အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။

22- အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကုရ်အာန်ကျမ်းလာ အာယတ်တော်ဖြစ်သော (၎င်းပြင် ထို ကျွန်တော်မျိုး၏ အမျိုးသားတို့သည် (လက်အောက်ငယ်သားလူ့ဗာလတို့အား ဤသို့) ပြောဆိုခဲ့ကြပါသည်။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏ ကိုးကွယ်ရာများကို စွန့်ပယ်၍ အလျှင်း မထားကြကုန်လင့်။၎င်းပြင် အသင်တို့သည် “ဝဒ္ဒ်”ဆင်းတုကိုလည်း အလျှင်း မစွန့်ပယ်ကြကုန်လင့်၊ “ဆုဝါအ်”ဆင်းတုကိုလည်း စွန့်ပယ်ခြင်းမပြုကြကုန်လင့်၊ထိုမှတစ်ပါး“ယဂူဆ်”ဆင်းတုကိုလည်းကောင်း၊“ယအူက်”ဆင်းတုကိုလည်းကောင်း၊ “နတ်စ်ရ်”ဆင်းတုကိုလည်းကောင်း၊ စွန့်ပယ်ခြင်းကိုမပြုကြကုန်လင့်။) (ကုရ်အာန် ၇၁း၂၃) ဟူသော အာယတ်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ ဤသည် တမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) ခေတ်၌ရှိသော သူတော်စင်ကြီးများ၏အမည်များ ဖြစ်ကြသည်။

23- အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။

25- ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနှင့် မကောင်းမှုများကို ရေးမှတ်တော်မူပြီးနောက် ၎င်းတို့အား အသေးစိတ်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်တွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ယင်းကောင်းမှုကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့ပါက ၎င်းကို ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ၎င်းအပြင် အကြင်သူသည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့လျှင် ၎င်းကို သူ့အတွက် အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူမည်။

27- အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂျ် ပြုခြင်းတို့ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။

30- အို - ကောင်လေး ငါကိုယ်တော် သင့်အား အချို့သောစကားရပ်များကို သင်ကြားပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။

39- အတိတ်နမိတ်ဆိုးကောက်သူ၊ အတိတ်နမိတ်ဆိုးကောက်ပေးသူ၊ ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူ၊ ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူတို့သည် ငါကိုယ်တော်၏ နောက်လိုက်သားတို့အနက်မှမဟုတ်ပေ။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။

47- ကောင်းကင်တမန်များသည် တိမ်တိုက်များဆီသို့ ဆင်းလာကြပြီး မိုးကောင်းကင်၌ ဆုံးဖြတ်ထားသည့် ကိစ္စများကိုပြောဆိုကြသည်။ ထိုအခါ ရှိုင်သွာန်တို့သည် ခိုးနားထောင်ကြပြီး မိမိကြားခဲ့သည်ကို နက္ခတ်ဗေဒင်အကြားအမြင်ဆရာများအား ပြောပြကြသည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုသတင်းအား မိမိတို့ဘက်မှ မုသားစကား တစ်ရာဖြင့် ရောထွေးပြီးလိမ်လည်ကြသည်။

49- ကျွန်တော်တို့အား ဖန်ဆင်းမွေးတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက်ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး မိန့်ကြားတော်မူသည်မှာ - ငါအရှင်မြတ်ထံ တောင်းဆုပြုမည့်သူ ရှိသလော။ ငါအရှင်မြတ်သည် သူ(၏တောင်းဆု)ကို လက်ခံတော်မူမည်။ ငါအရှင်မြတ်ထံ တောင်းခံမည့်သူ ရှိသလော။ ငါအရှင်မြတ်သည် သူ့အား ချီးမြှင့်တော်မူမည်။ ငါအရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမည့်သူ ရှိသလော။ ငါအရှင်မြတ်သည် သူ့အား လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူမည်။

51- အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး ၎င်းသူ၏ ရုပ်ပုံများကိုကျောင်းထဲတွင် ရေးဆွဲခဲ့ကြသည်။ထို့ကြောင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြသည်။

53- အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။

54- -အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူ ပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။

58- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။

68- အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။

69- ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။

71- အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။

76- ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့)အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်းတို့ဖြစ်သည်။

84- ငါကိုယ်တော်သည် ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး အသင်တို့အနက် မည်သူသည် ငါ့ထံလာရောက်မည်ကို ငါကိုယ်တော်ကြည့်ရှုမည်ဖြစ်သည်။ လူအချို့သည် ငါကိုယ်တော့်ထံမှ ဖယ်ရှားခြင်းခံရမည်။ ထိုကြောင့်ငါကိုယ်တော်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု လျှောက်ထားမည်။

88- ၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကလလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။

93- သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ဤအတိုင်းသာပြောဆိုကြကုန် (ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ထံချပေးခြင်းခံရသည့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း အီမာန်သက်ဝင်ယုံကြည်ခဲ့ကြပါသည်။)