-စင်စစ် “ဆွလာသ်များအနက် ဤဆွလာသ်နှစ်ခု (ဖဂျရ်နှင့် အီရှာ) သည် မုနာဖိက်များအပေါ်တွင် အလေးလံဆုံးဖြစ်သည်။ အကယ်၍…

-စင်စစ် “ဆွလာသ်များအနက် ဤဆွလာသ်နှစ်ခု (ဖဂျရ်နှင့် အီရှာ) သည် မုနာဖိက်များအပေါ်တွင် အလေးလံဆုံးဖြစ်သည်။ အကယ်၍ သင်တို့သည် ထိုဆွလာသ်နှစ်ခု၏ အကျိုးကျေးဇူးကို သိရှိခဲ့လျှင်၊ သင်တို့သည် တရွတ်တိုက်စွဲလျက်ပင်ဖြစ်စေ ရောက်ရှိလာကြလိမ့်မည်

အုဗိုင်ယ် ဗင်န် ကအ်ဗ် ( ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား ဖဂျွရ်ဆွလာသ်ကို ဦးဆောင်ဝတ်ပြု‌ပေးပြီးနောက် မိန့်ကြားတော်မူသည်- “မည်သူမည်ဝါသည် ဤဆွလာသ်တွင် ပါဝင်ခဲ့သလော။” လူများက “မပါဝင်ပါ” ဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ကိုယ်တော်မြတ်က “အခြား မည်သူမည်ဝါကော ဤဆွလာသ်တွင် ပါဝင်ခဲ့သလော။” ဟု ထပ်မံမေးတော်မူသည်။ လူများက ထိုနည်းတူစွာ “မပါဝင်ပါ” ဟုလျှောက်ထားခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်-စင်စစ် “ဆွလာသ်များအနက် ဤဆွလာသ်နှစ်ခု (ဖဂျရ်နှင့် အီရှာ) သည် မုနာဖိက်များအပေါ်တွင် အလေးလံဆုံးဖြစ်သည်။ အကယ်၍ သင်တို့သည် ထိုဆွလာသ်နှစ်ခု၏ အကျိုးကျေးဇူးကို သိရှိခဲ့လျှင်၊ သင်တို့သည် တရွတ်တိုက်စွဲလျက်ပင်ဖြစ်စေ ရောက်ရှိလာကြလိမ့်မည်။ ပထမစွတ်ဖ်အတန်းသည် မလာအိကဟ်ကောင်းကင် တမန်များ၏ အတန်းနှင့်တူညီသည်။ အကယ်၍ သင်တို့သည် ယင်း၏အကျိုးကျေးဇူးကို သိရှိခဲ့လျှင်၊ ယင်းအတွက် သင်တို့သည် ပြေးလာကြလိမ့်မည်။ လူတစ်ဦးသည် အခြားတစ်ဦးနှင့် ဂျမာအသ်ဖြင့်စု‌ ပေါင်း၍ ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်း ဝတ်ပြုခြင်းထက် ပိုမိုကောင်းမွန်သည်။ လူတစ်ဦးသည် အခြားလူနှစ်ဦးနှင့် ဂျမာအသ်ဖြင့်စုပေါင်း၍ ဆွလာသ်ဝတ်ပြုခြင်းသည် လူတစ်ဦးနှင့် စုပေါင်းဝတ်ပြုခြင်းထက် ပိုမိုကောင်းမွန်သည်။ စုပေါင်းဝတ်ပြုသူ များလေ‌၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ယင်းဆွလာသ်သည် ပို၍ နှစ်သက်ဖွယ်ရာ ဖြစ်လေပင် ဖြစ်သည်။

[صحيح] [رواه أبو داود والنسائي وأحمد]

الشرح

အလ္လာဟ်အရှင်မြတ်၏တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တစ်ရက်တွင် ဖဂျရ်ဆွလာသ်ကို ဝတ်ပြုခဲ့ပြီးနောက် မေးမြန်းတော်မူခဲ့သည်မှာ- “ကျွန်ုပ်တို့၏ ဤဆွလာသ်တွင် မည်သူမည်ဝါသည် ပါဝင်ခဲ့သလော။” ဆွဟာဗဟ်များက မပါဝင်ကြောင်း ဖြေကြားခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်က မည်သူမည်ဝါကော လာရောက်ပါဝင်ခဲ့သလားအခြားသူတစ်ဦး၏အကြောင်း ထပ်မံမေးမြန်းတော်မူခဲ့သည်။ ဆွဟာဗာများကလည်း မပါဝင်ကြောင်း ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- ဧကန်မုချ ဖဂျရ်နှင့် အီရှာဆွလာသ်သည် မုနာဖိက်များအပေါ်တွင် အခြားဆွလာသ်များထက် ပိုမိုလေးလံသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်နှစ်ခုတွင် ပျင်းရိခြင်းက လွှမ်းမိုးနေတတ်ပြီး ရိယာပြစားရန် ဖြစ်နိုင်ခြေ နည်းပါးသောကြောင့်ဖြစ်သည်။ အကြောင်းမှာ ထိုအချိန်နှစ်ခုတွင် အမှောင်ထုကြောင့် လူတို့သည် ၎င်းတို့အား မတွေ့မြင်နိုင်သောကြောင့်ဖြစ်သည်။ အို အီမာန်သက်ဝင်ယုံကြည်သူတို့ အကယ်၍ အသင်တို့သည် ဖဂျရ်နှင့်အီရှာဆွလာသ်၏ များပြားလှသော အကျိုးဆုလာဘ်ကို သိရှိခဲ့လျှင်၊( အဘယ်ကြောင့်ဆိုသော် အကျိုးဆုလာဘ်သည် ခက်ခဲမှု‌ပေါ်အခြေခံ၍ ခက်ခဲလေ အကျိုးပိုများလေဖြစ်သည် ) သင်တို့သည် တရွတ်တိုက်စွဲလျက်ပင်ဖြစ်စေ ထိုဆွလာသ်နှစ်ခုကိုဝတ်ပြုရန် ရောက်ရှိလာကြမည်ဖြစ်သည်။ ဧကန်စင်စစ် ပထမစွတ်ဖ်အတန်း၌ တန်းစီသူများသည် အိမာမ်ရှေ့ဆောင်၏ အနီး၌ရှိခြင်းကြောင့် မလာအိကဟ်‌ကောင်းကင်တမန်များ၏ အလ္လာဟ်အရှင်မြတ်အနီး၌ တန်းစီတည်ရှိခြင်းကဲ့သို့ပင် ဖြစ်၏။ အကယ်၍ အီမာန်ယုံကြည်သူများသည် ပထမစွတ်ဖ်အတန်း၏ အကျိုးကျေးဇူးကို သိရှိခဲ့လျှင်၊ သူတို့သည် ယင်းနေရာအတွက် ဦးစွာလာရောက်ရန် ပြိုင်ဆိုင်ကြမည် ဖြစ်သည်။ လူတစ်ဦးသည် အခြားတစ်ဦးနှင့် ဂျမာအသ်ဖြင့်စု‌ ပေါင်း၍ ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်း ဝတ်ပြုခြင်းထက် အကျိုးစဝါးဗ်နှင့် စူးရှမှု ပိုမိုများပြားပြီး၊ လူတစ်ဦးသည် အခြားလူနှစ်ဦးနှင့် ဂျမာအသ်ဖြင့်စုပေါင်း၍ ဆွလာသ်ဝတ်ပြုခြင်းသည် လူတစ်ဦးနှင့် စုပေါင်းဝတ်ပြုခြင်းထက် ပို၍မွန်မြတ်ပါသည်။ ဝတ်ပြုသူများပြားသော ဆွလားသ်သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ နှစ်သက်ဖွယ်ရာဖြစ်၍ အမွန်မြတ်ဆုံးပင် ဖြစ်သည်။

فوائد الحديث

ဆွလာသ်ဝတ်ပြုရာတွင် အိမာမ်အနေဖြင့် လူများ၏အခြေအနေကို စစ်ဆေးမေးမြန်းခြင်းနှင့် မပါဝင်သူများအကြောင်း မေးမြန်းခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။

ဂျမာသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းအား အထူးအလေးထားရမည်။ အထူးသဖြင့် အီရှာနှင့် ဖဂျရ်ဆွလာသ်ကို ဂျမာသ်ဖြင့် မပျက်မကွက် ဝတ်ပြုခြင်းသည် အီမာန်ယုံကြည်မှု၏ သက်သေလက္ခဏာများထဲ တစ်ခုဖြစ်သည်။

ဖဂျရ်နှင့် အီရှာဆွလာသ်နှစ်ခု၏ ကြီးမားသောအကျိုးကျေးဇူး (ကိုသိရှိရသည်။) အဘယ့်ကြောင့်ဆိုသော် ထိုဆွလာသ်နှစ်ခုကို လာရောက်ဝတ်ပြုရန်အတွက် နဖ်စ် (စိတ်နှလုံးသား) နှင့် တိုက်ခိုက်ရပြီး အမိန့်နာခံမှုအ‌ပေါ် သည်းခံရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယင်းဆွလာသ်နှစ်ခု၏ အကျိုးကျေးဇူးသည် အခြားဆွလာသ်များထက် ပိုမိုများပြားသည်။

ဂျမာသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းသည် အနည်းဆုံးနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများဖြင့် အထမြောက်သွားသည်။

ပထမစွတ််ဖ်အတန်း၏ အကျိုးကျေးဇူးကို ရှင်းလင်းတင်ပြထားပြီး ယင်းတွင် ပါဝင်ရန် အားတက်သရော်ကြိုးစားရန် တိုက်တွန်းထားသည်။

ဂျမာအသ်ဖြင့်ဝတ်ပြုရာတွင် လူဦးရေ များပြားခြင်း၏ အကျိုးကျေးဇူး(ကိုဖော်ပြထားသည်။) အဘယ့်ကြောင့်ဆိုသော် စုစည်းမှုများလေလေ (လူများလေလေ) အကျိုးကျေးဇူးသည် ပိုမိုများပြားလေလေ ဖြစ်သောကြောင့် ဖြစ်သည်။

ကောင်းမြတ်‌သောအကျင့်သီလများသည် ရှရီအသ်တရား‌တော်က သတ်မှတ်ထားသော ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ အခြေအနေအရပ်ရပ်ပေါ်မူတည်၍ အကျိုးကျေးဇူးအားဖြင့် တစ်ခုနှင့်တစ်ခု ကွာခြားနိုင်သည်။

التصنيفات

ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်း၏ ထွတ်မြတ်မှုနှင့် ၎င်း၏အမိန့်ပညတ်ချက်များ။