အသင်တို့ လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ကြိုတင်၍ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမပြုကြနှင့်။…

အသင်တို့ လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ကြိုတင်၍ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမပြုကြနှင့်။ သို့ရာတွင် တစ်ဦးတစ်ယောက်သည် (အစကတည်းက) ရိုဇာဥပုသ်စောင့်ထိန်းနေကျဖြစ်ပါက ထိုသူသည် (ထိုနေ့တွင်လည်း) ရိုဇာဥပုသ် စောင့်ထိန်းပါလေ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင်တို့ လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ကြိုတင်၍ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမပြုကြနှင့်။ သို့ရာတွင် တစ်ဦးတစ်ယောက်သည် (အစကတည်းက) ရိုဇာဥပုသ်စောင့်ထိန်းနေကျဖြစ်ပါက ထိုသူသည် (ထိုနေ့တွင်လည်း) ရိုဇာဥပုသ် စောင့်ထိန်းပါလေ။"

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က လူတစ်ဦးသည် သတိထားဆင်ခြင်သည့်အနေဖြင့် လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ကြိုတင်၍ ရိုဇာဥပုသ်စောင့်ထိန်းခြင်းအား တားမြစ်တော်မူခဲ့သည်။ ဤသို့တားမြစ်ရခြင်း၏ အကြောင်းရင်းမှာ လမြတ်ရမဿွာန်၏ ရိုဇာဥပုသ်စောင့်ထိန်းခြင်းသည် ဆန်းဦးစလကို မြင်ခြင်းအပေါ်၌သာ မူတည်ပြီး မလိုအပ်ဘဲ အတင်းအကြပ် ပြုလုပ်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် တစ်ဦးတစ်‌ယောက်သည် နဂိုကတည်းက ရိုဇာဥပုသ်စောင့်ထိန်းခြင်းကို ပုံမှန်ပြုလုပ်နေကျဖြစ်ပါက ဥပမာ- တစ်ရက်ခြားရိုဇာထားခြင်း သို့မဟုတ် တနင်္လာနေ့ သို့မဟုတ် ကြာသပတေးနေ့များတွင် ရိုဇာစောင့်ထိန်းနေကျဖြစ်ပြီး၊ ထိုပုံမှန် ရိုဇာ‌စောင့်ထိန်းနေကျနေ့သည် လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်အလိုနှင့် ကြုံကြိုက်သွားပါက ထိုသူသည် ထိုနေ့တွင် ရိုဇာ‌စောင့်ထိန်းနိုင်သည်။ အကြောင်းမှာ ယင်းသည် လမြတ်ရမဿွာန်ကို ကြိုဆိုခြင်းသဘော မဟုတ်သောကြောင့်ဖြစ်သည်။ ထို့အတူ ဝါဂျစ်ဗ်ရိုဇာများဖြစ်သည့် ကဿွာရိုဇာ (လစ်ဟင်းခဲ့သော ရိုဇာများကို ဖြည့်စွက်ခြင်း) နှင့် နဇ်ရ်ကိုးထားသည့် ရိုဇာများကိုလည်း လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်အလိုတွင် စောင့်ထိန်းနိုင်သည်။

فوائد الحديث

၁။ မလိုအပ်ဘဲ ခက်ခဲအောင်ပြုလုပ်ခြင်းကို တားမြစ်ထားခြင်းနှင့် အပိုအလိုအရှိဘဲ ရှရီအသ်တရားတော်ကသတ်မှတ်ထားသည့်အတိုင်း ဝတ္တရားများကို ထိန်းသိမ်းလိုက်နာရန် လိုအပ်ခြင်း။

၂။ ထိုတားမြစ်ချက်၏ ဟိက်မသ်ဆင်ခြင်ဉာဏ်တရားမှာ -အလ္လာဟ်အရှင်မြတ်သာ အကြွင်းမဲ့သိတော်မူ၏- ဖရဿ်ွအေဗာဒသ်များကို နဖိလ်အေဗာဒသ်များမှ ခွဲခြားသိမြင်နိုင်စေရန်၊ တက်ကြွမှုနှင့် စိတ်အားထက်သန်မှုဖြင့် လမြတ်ရမဿွာန်အတွက် ပြင်ဆင်ထားနိုင်ရန်နှင့် ရိုဇာဥပုသ်စောင့်ထိန်းခြင်းသည် ဤမင်္ဂလာရှိသောလ၏ ထူးခြားသည့် အမှတ်သညာ ဖြစ်လာစေရန်အတွက် ဖြစ်သည်။

التصنيفات

သံသယနေ့၌ ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်း။