မည်သည့် မွတ်စ်လင်မ်အမျိုးသမီး တစ်ဦးအတွက်မဆို မိမိ၏ မဟ်ရမ် (သွေးသားတော်စပ်သူ ) အမျိုးသားတစ်ဦးဦးမပါဘဲ…

မည်သည့် မွတ်စ်လင်မ်အမျိုးသမီး တစ်ဦးအတွက်မဆို မိမိ၏ မဟ်ရမ် (သွေးသားတော်စပ်သူ ) အမျိုးသားတစ်ဦးဦးမပါဘဲ တစ်ညတာ ခရီးနှင်ခြင်းသည် မပြုပိုင်ပေ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သည့် မွတ်စ်လင်မ်အမျိုးသမီး တစ်ဦးအတွက်မဆို မိမိ၏ မဟ်ရမ် (သွေးသားတော်စပ်သူ ) အမျိုးသားတစ်ဦးဦးမပါဘဲ တစ်ညတာ ခရီးနှင်ခြင်းသည် မပြုပိုင်ပေ။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က မည်သည့်မွတ်စ်လင်မ်အမျိုးသမီးမဆို မိမိ၏ မဟ်ရမ် (သွေးသားတော်စပ်သူ အမျိုးသား) တစ်ဦးဦး မပါဘဲ တစ်ညတာ ခရီးနှင်ခြင်းသည် ဟရာမ်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

فوائد الحديث

အစ်ဗ်နုဟဂျရ်က မိန့်ဆိုသည်မှာ - ဟဂျ်နှင့် အွမ်ရဟ် မဟုတ်သော ခရီးများနှင့် ကာဖိရ်တို့၏ နိုင်ငံမှ ထွက်ခွာခြင်းမှအပ အခြားခရီးများအတွက် အမျိုးသမီးသည် မဟ်ရမ်မပါဘဲ ခရီးသွားခွင့်မရှိဆိုသည်မှာ အစ်ဂျ်မာအ် (ပညာရှင်အများ၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်) ဖြစ်သည်။ အချို့ပညာရှင်များက ၎င်း (မဟ်ရမ်အဖော်ပါခြင်း)ကို ဟဂ်ျခရီးစဥ်၏ စည်းကမ်းချက်များအနက်မှ တစ်ခုအဖြစ် သတ်မှတ်ကြသည်။

အစ္စလာမ်သာသနာ၏ ပြီးပြည့်စုံမှုနှင့် ၎င်း၏ အမျိုးသမီးအား ကာကွယ်စောင့်ရှောက်လိုသော ဆန္ဒကို ဖော်ပြထားသည်။

အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်ခြင်း၏ လိုလားတောင်းဆိုချက်မှာ အရှင်မြတ်၏ ပညတ်တရားတော်ရှေ့တွင် ဦးညွှတ်ကျိုးနွံခြင်းနှင့် ယင်း၏ ကန့်သတ်ချက်များကို လိုက်နာခြင်း ဖြစ်သည်။

အမျိုးသမီးတစ်ဦး၏ မဟ်ရမ်ဆိုသည်မှာ သူမ၏ခင်ပွန်း သို့မဟုတ် သွေးသားတော်စပ်မှု သို့မဟုတ် နို့တိုက်ခြင်းကြောင့် ဖြစ်သော ဆွေမျိုးတော်စပ်မှု သို့မဟုတ် လက်ထပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆွေမျိုးတော်စပ်မှုတို့ကြောင့် ထိုအမျိုးသမီးအား ထာဝရ လက်ထပ်ခွင့်မရှိသော အမျိုးသားဖြစ်သည်။ ထို့ပြင် ထိုအမျိုးသားသည် မွတ်စ်လင်မ်၊ အရွယ်ရောက်ပြီးသူ၊ အသိဉာဏ်ရှိသူ၊ယုံကြည်ရသူနှင့် လုံခြုံစိတ်ချရသူ ဖြစ်ရမည်။ အကြောင်းမှာ မဟ်ရမ်၏တာဝန်မှာ အမျိုးသမီးအား ကာကွယ်စောင့်ရှောက်ရန်နှင့် သူမ၏ အရေးကိစ္စများကို စီမံဆောင်ရွက်ပေးရန် ဖြစ်သည်။

အိမာမ်ဗိုင်ဟကီက မဟ်ရမ်မပါဘဲ အမျိုးသမီးခရီးမသွားရဟူသော ခရီးအကွာအဝေးနှင့် ပတ်သက်၍ လာရှိထားသော ဆင့်ပြန်ချက်များနှင့် ပတ်သက်၍ မိန့်ဆိုထားသည်မှာ - "အချုပ်အားဖြင့်ဆိုရလျှင် မည်သည့်အကွာအဝေးကိုမဆို 'ခရီး' ဟု ခေါ်ဆိုနိုင်လျှင် ထိုအကွာအဝေးကို ခင်ပွန်း သို့မဟုတ် မဟ်ရမ်မပါဘဲ ခရီးသွားခြင်းမှ အမျိုးသမီးအား တားမြစ်ထားသည်။ ခရီးအကွာအဝေးသည် သုံးရက်ဖြစ်စေ၊ နှစ်ရက်ဖြစ်စေ၊ တစ်ရက်ဖြစ်စေ သို့မဟုတ် ၂၄ ကီလိုမီတာခန့် ဖြစ်စေ (အမိန့်မှာ အတူတူပင် ဖြစ်၏)။ ယင်း၏အထောက်အထားမှာ အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု) ထံမှ လာရှိသော အကွာအဝေး၊ ရက် စသဖြင့် မသတ်မှတ်ထားသည့် ဟဒီးစ်တော်ဖြစ်သည်။ ၎င်းသည် ဆွဟီးဟ်မွတ်စ်လင်မ်ကျမ်းပါ ယခင်ဖော်ပြခဲ့သော ရိဝါယသ်ဆင့်ပြန်ချက်များထဲမှ နောက်ဆုံး ရိဝါယသ်ဖြစ်သည်- ( မည်သည့်အမျိုးသမီးမဆို မဟ်ရမ်မပါဘဲ ခရီးမထွက်ရ ) ဤဟဒီးစ်တွင် 'ခရီး' ဟုခေါ်ဆိုနိုင်သော မည်သည့်အကွာအဝေးကိုမဆို ခရီးနှင်ခြင်း ပါဝင်သည်။" ( ဤတွင် အိမာမ်ဗိုင်ဟကီ၏စကား ပြီးဆုံးသည်။) ဤဟဒီးစ်တော်သည် အမှန်စင်စစ် မေးမြန်းသူနှင့် သူ၏နေရပ်ဒေသအခြေအနေပေါ် မူတည်၍ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

التصنيفات

ခရီးနှင့် သက်ဆိုင်သည့် ပညတ်ချက်များနှင့် အာဒါဗ် စည်းကမ်းများ။, အွမ်ရဟ်၏ ဝါဂျစ်ဗ်တာဝန်များ။