ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။ - الصفحة 2

ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။ - الصفحة 2

1- သေခြင်းတရားသည် အနက်ရောင်အမွေးအနည်းငယ်ပါရှိသော သိုးဖြူတစ်ကောင်၏အသွင်သဏ္ဍာန်ဖြင့်ယူဆောင်လာခြင်းခံရမည်။ * ၎င်းနောက် ကြေညာသူတစ်ဦးက ကြေညာမည်မှာ အို ဂျန္နသ်သုခဘုံသားတို့၊ ၎င်းတို့ကခေါင်းထောင်ပြီးကြည့်ကြမည်။ ထိုအခါ၎င်းက ဤအရာကိုအသင်တို့သိကြလေသလောဟုမေးလိမ့်မည်။ ၎င်းတို့ကဟုတ်ကဲ့ ဤအရာသည် သေခြင်းတရားဖြစ်ပါသည်ဟု အဖြေပေးကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအား (သိရှိ)မြင်တွေ့ခဲ့ကြပြီးဖြစ်မည်။ ထို့နောက်၎င်းက ကြေညာမည်မှာ အို-ငရဲသားအပေါင်းတို့ ၎င်းတို့ကခေါင်းထောင်ကြည့်ကြမည်။ ထိုအခါ၎င်းက ဤအရာကိုအသင်တို့သိကြလေသလောဟု မေးလိမ့်မည်။ ၎င်းတို့က ဟုတ်ကဲ့၊ ဤအရာသည် သေခြင်းတရားဖြစ်ပါသည်ဟု အဖြေပေးကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအား(သိရှိ)မြင်တွေ့ခဲ့ကြပြီးဖြစ်မည်။ ထိုအခါသေခြင်းတရားသည်(သိုးပုံစံနှင့်) လည်လှီးခြင်းခံလိုက်ရမည်။ထို့နောက် ကြေညာသူကပြောမည်မှာ အို-ဂျန္နသ်သုခဘုံသားတို့ သေခြင်းတရားမရှိတော့သည့်ထာဝရ(အကျိုး)ကိုခံစားကြကုန်။ တဖန်အို-ဂျဟန္နမ်ငရဲသားတို့ သေခြင်းတရားမရှိတော့သည့် ထာဝရ(ဒုက္ခ)ကို ခံစားကြကုန်။ ထို့နောက် ကိုယ်တော်မြတ်သည် (ဤအာယသ်တော်အား)ဖတ်ရွတ်တော်မူခဲ့သည်။ (၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရမည့်နေ့နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ထိုနေ့တွင် အမှုကိစ္စအဝဝသည် (နောက်ဆုံးအနေဖြင့်) စီရင်ဆုံးဖြတ်ပြီး ဖြစ်အံ့သတည်း။) ကုရ်အာန် (၁၉း၃၉) ထိုသို့မေ့လျော့မှု၌ ရှိနေကြသူတို့သည် လောကီသမားများပင် ဖြစ်ကြပေသည်။ (ထို့အပြင် ၎င်းတို့သည် မယုံကြည်ကြချေ။) ကုရ်အာန် (၁၉း၃၉)

2- အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။* ဆွဟာဗဟ်များက အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤလောကမီးဖြင့်ပင် (အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ခတ်ရန်)လုံလောက်ပါသည်ဟု လျှောက်ထားကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည်လောကီမီးထက် အဆပေါင်း (၆၉)ဆသာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီးနှင့်ညီမျှ၏။

4- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကြောင်းအရာတစ်ခုကို ပြောပြတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ ယင်းသည် အသိပညာ ပျောက်ကွယ်သွားသည့်အချိန်တွင် ဖြစ်ပေါ်လာလိမ့်မည်။ * ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသိပညာသည် အဘယ်ကဲ့သို့ပျောက်ကွယ်သွားမည်နည်း။ ကျွန်တော်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ကြပြီး မိမိတို့၏ သားသမီးများကိုသင်ကြားပေးကြသည်။ တဖန် ကျွန်တော်တို့၏ သာသမီးများကလည်း ၎င်းတို့၏သားသမီးများကို သင်ကြားပို့ချကြပါမည်။ ဤအတိုင်းပင် ကိယာမသ်နေ့ထိတိုင် ရှိနေလိမ့်မည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အို ဇိယာဒ်၊ အသင်၏မိခင်သည် အသင့်ကိုပျောက်ဆုံးပါစေ၊ ငါကိုယ်တော်သည် အသင့်အား မဒီနာ၌ အသိပညာအရှိဆုံးသူဟု ထင်မှတ်ထားသည်။ ဤယဟူဒီနှင့် နဆ်ွရာနီတို့သည် သောင်ရာသ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်းတို့ကို ရွတ်ဖတ်ကြသည်။ သို့သော် ၎င်းတို့သည် ထိုကျမ်းများတွင်ရှိသော မည်သည့် အမိန့်ပညတ်ချက်ကိုမျှ လိုက်နာကျင့်သုံးမှု မပြုကြသည် မဟုတ်လောဟု မိန့်ကြားတော်မူသည်။

6- အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သည့်လမ်းအား ဘေးတွင်တံတိုင်းနှစ်ဖက်ပါရှိသည့်လမ်းဖြင့် ပမာပေးတော်မူခဲ့သည်။ * ထိုတံတိုင်းနှစ်ဘက်တွင် ဖွင့်ထားသည့် တံခါးများရှိပြီး ထိုတံခါးများတွင် တွဲလောင်းချထားသောလိုက်ကာများရှိသည်။လမ်း၏ဝင်ပေါက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိသည်။ ၎င်းက အို လူသားအပေါင်းတို့ အသင်တို့အားလုံး လမ်းထဲသို့ဝင်ရောက်ကြပါ မတိမ်းစောင်းသွားကြနှင့်ဟု ဖိတ်ခေါ်နေသည်။ ထို့အတူ လမ်း၏အပေါ်ဘက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိသည်။ ၎င်းက ထိုတံခါးများအနက်မှ တံခါးတစ်ခုခုကိုဖွင့်လိုသူအားပြောမည်မှာ သင့်အတွက် ဝမ်းနည်းလေစွ၊ ၎င်းကိုမဖွင့်လေနှင့် အကယ်၍ အသင်ဖွင့်လိုက်လျှင် ဝင်ရောက်သွားလိမ့်မည်။ လမ်းဟူသည် အစ္စလာမ်ကိုဆိုလိုပြီး တံတိုင်းနှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်နယ်နိမိတ်များကို ဆိုလိုသည်။ ဖွင့်ထားသည့် တံခါးများသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင်လမ်း၏ ဝင်ပေါက်တွင်ဖိတ်ခေါ်သူဟူသည် ကုရ်အာန်ကျမ်းမြတ်ကို ဆိုလိုခြင်းဖြစ်သည်။လမ်း၏အပေါ်ဘက်မှ ဖိတ်ခေါ်သူဟူသည် မွတ်စ်လင်မ်တိုင်း၏ နှလုံးသားထဲတွင်ရှိသည့် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဆုံးမသူ(အီမာန်ယုံကြည်မှုပင်) ဖြစ်သည်။

7- အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။ * ကျွန်တော်တို့က ဟုတ်ကဲ့ နှစ်သက်ပါသည်ဟုဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- သင်တို့အနက်တစ်ဦးတစ်ယောက်သည် မိမိ၏ဆွလာသ်အတွင်း၌ အာယာသ်တော်သုံးပိုဒ် ဖတ်မည်ဆိုပါက ဝဖြိုး၍ဇီးရှိသော ကုလားအုတ်မသုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။

10- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြား(သင်)ပြခဲ့သည့်သူများက ကျွန်ုပ်တို့အား ဆင့်ပြန်ပြောကြားခဲ့သည်။ @ ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ * သာဝကကြီးများက ကျွန်တော်တို့သည် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို သင်ယူခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။

12- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ညစဉ်ညတိုင်းအိပ်ရာဝင်သောအခါ မိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး ယင်းလက်ဖဝါးနှစ်ဖက်တွင် စူရဟ်အိခ်လာဆ်ွ၊ စူရဟ်ဖလပ်က်၊ စူရဟ်နာစ်တို့ကို ဖတ်ရွတ်ကာ မန်းမှုတ်တော်မူသည်။ * ထို့နောက် ၎င်းလက်ဖဝါးနှစ်ဖက်ဖြင့် ရောက်နိုင်သလောက် ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်တော်မူသည်။ကိုယ်တော်သည် လက်ဖဝါးနှစ်ဖက်ဖြင့် ပထမဦးဆုံး ဦးခေါင်း၊ ၎င်းနောက်မျက်နှာ၊ ၎င်းနောက်ခန္ဓာကိုယ်အရှေ့ဘက်မှစ၍ ပွတ်သပ်တော်မူသည်။ ကိုယ်တော်သည် ထိုအတိုင်းပင် သုံးကြိမ်သုံးခါ ပြုလုပ်တော်မူသည်။

13- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည်။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလွဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယသ်တော်များလည်းရှိပေ၏။ ယင်းအာယသ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယသ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယသ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာသ်၊ မုသရှာဗိဟာသ်၊ အာယသ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇) အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ@ “အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။*”

14- “လူတစ်ဦးသည် အပြစ်အကုသိုလ်တစ်ခု ကျူးလွန်ပြီးနောက်(ဝုဿွူရေ) သန့်စင်မှုပြုလုပ်မည်။ ထို့နောက် ဆွလာသ်ဆောက်တည်မည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အပြစ်မှ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအားမုချ ခွင့်လွှတ်တော်မူမည်ဖြစ်သည်။” * ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ရွတ်ဖတ်တော်မူခဲ့သည်။ (ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည်ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြသည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ (အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။) ကုရ်အာန် (၃:၁၃၅)

16- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘကြီးတော်အား ပြောကြားတော်မူသည်မှာ @ ကလိမဟ်တော်“လာအိလာဟအိလ်လလ္လာဟ်”ကို ရွတ်ဆိုလိုက်ပါ။ ၎င်းကလိမဟ်တော်ဖြင့်ကျွန်တော်သည် သင့်အတွက် ကိယာမသ်နေ့၌ သက်သေခံပေးမည်ဖြစ်သည်။ * ဘကြီးတော်ကပြန်လည်ပြောကြားသည်မှာ အကယ်၍ ကုရိုင်ရှ်တို့က ကျွန်ုပ်အားအပြစ်မတင်ကြလျှင်၊ သေရမည်ကို ကြောက်ရွံ့ခြင်းက ကျွန်ုပ်အား ဤသို့ရွတ်ဆိုစေသည်ဟု ၎င်းတို့ပြောကြမည်ကို မစိုးရိမ်လျှင် အမှန်တကယ်ပင် ကျွန်ုပ်သည် ဤကလိမဟ်တော်ကိုရွတ်ဆိုကာ သင်၏မျက်စိကိုအေးမျှစေမည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဤအာယသ်တော်အား ချပေးတော်မူခဲ့သည်။(ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆)

18- သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။ * အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၏ အဆင့်အတန်းတစ်ခုဖြစ်သည်။ ထိုအဆင့်အတန်းအား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တစ်ဦးအား ချီးမြှင့်မည်ဖြစ်၍ ၎င်းအားချီးမြှင့်ခံရသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ငါကိုယ်တော်အတွက် ဝစီလဟ် (မကာမုမဟ်မူဒ်) တောင်းခံပေးပါက ထိုသူ့အတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း ဝါဂျိဗ်ဖြစ်သည်။

20- သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပြီး ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကို ရောထွေးစေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ @ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။ *၎င်းကဆက်လက်ပြောပြသည်မှာ ကျွန်တော်သည် ထိုအတိုင်းပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။