အစ္စလာမ့် အာဒါဗ်စည်းကမ်းများ။

အစ္စလာမ့် အာဒါဗ်စည်းကမ်းများ။

2- မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။

3- အတင်းပြောခြင်းသည် အဘယ်အရာကို ခေါ်ဆိုကြောင်း အသင်တို့သိကြပါသလော။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင့်ညီနောင်နှင့်ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းပင်ဖြစ်သည်။

13- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ညာဘက်လက်ဖြင့် ထိကိုင်ခြင်းမပြုနှင့်။ အိမ်သာတက်သည့်အခါ ညာဘက်လက်ဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ခြင်း မပြုနှင့်။ ရေသောက်သည့်အခါ ရေခွက်ထဲသို့ အသက်ရှုထုတ်ခြင်းမပြုနှင့်။

14- အသင်တို့အနက် တစ်စုံတစ်ဦးသည် မိမိနှစ်သက်သော အိပ်မက်တစ်ခုမက်မြင်လျှင် ထိုအိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုလော့။ ထို့‌နောက် အိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မိမိမနှစ်သက်သော အခြားအိပ်မက်ကို မက်လျှင်မူကား ထိုအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏ ဆိုးယုတ်မှုမှ (အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံလော့။ ထိုအိပ်မက်အား မည်သူ့ကိုမျှ မပြောပြရ။ ထိုသို့ပြုလျှင် ယင်းအိပ်မက်သည် သူ့အား ဘယ်သောအခါမျှ အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။

18- ကောင်းသောအိပ်မက်သည် အလ္လာဟ်အရှင်မြတ်ထံမှဖြစ်၍၊ မကောင်းသောအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်ရာ သင်တို့အနက် တစ်ဦးဦးသည် မိမိအား ထိတ်လန့်စေသည့် အိပ်မက်ဆိုးကို မြင်မက်ပါက၊ မိမိ၏ ဘယ်ဘက်သို့ သုံးကြိမ်တံတွေးထွေး(ဟန်ပြုလုပ်) ပါ။ ထို့နောက် ရှိုင်တွာန်၏ဘေးရန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ‌လေ။ ဤသို့ပြုလျှင် ထိုအိပ်မက်သည် သူ့အား မည်သည့်ဘေးဒုက္ခမျှ မဖြစ်စေတော့ပါ။

19- ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။

20- ကျွန်တော်မျိုးအား အမလ်ကျင့်ဆောင်မှုတစ်ခု ညွှန်ပြပေးတော်မူပါ ကျွန်တော်မျိုးသည် ထိုအမလ်ကိုဆောင်ရွက်ပါက ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပါ။ အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုနှင့်။ သတ်မှတ်ပြဌာန်းထားသည့် ဆွလာသ်ကို ဆောက်တည်ပါ။ သတ်မှတ်ပြဌာန်းထားသည့် ဇကာသ်ကို ပေးဆောင်ပါ။ ရမဿွာန်လတွင် ဥပုသ် စောင့်ထိန်းပါ။

25- ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား မေးမြန်းလျှောက်ထားသည်မှာ - အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်သည် အကောင်းဆုံးသော လုပ်ရပ်ဖြစ်သနည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ - " အသင် (သူဆင်းရဲများအား) အစားအစာ ကျွေးမွေးခြင်းနှင့် အသင် သိတဲ့သူကို‌ရော၊ မသိတဲ့သူကိုပါ စလာမ်ပေးခြင်း" ဖြစ်သည်။

38- “မွတ်စ်လင်မ်တစ်ဦး၏ ခါးဝတ်ပုဆိုး(အိဇာရ်) သည် ခြေသလုံးတစ်ဝက်အထိ ရှိရမည်။ အကယ်၍ ၎င်းသည် ခြေသလုံးတစ်ဝက်နှင့် ခြေချင်းဝတ်ကြားတွင် ရှိခဲ့လျှင်လည်း ထိုအရာ၌ အပြစ်မရှိပါ။ ခြေချင်းဝတ်အောက်သို့ ကျနေသော အပိုင်းသည် ငရဲမီးထဲ၌ ရှိလိမ့်မည်။ ထို့ပြင် မည်သူမဆို မာန်မာနထောင်လွှားပြီး မိမိ၏ခါးဝတ်ပုဆိုးကို တရွတ်ဆွဲ၍ (လမ်းလျှောက်)ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။

40- မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရားခြောက်ရပ်ရှိသည်။" ထိုအခါ ဆွဟာဗဟ်တို့က လျှောက်ထားမေးမြန်းကြသည်မှာ - "အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းဝတ္တရားများကား အဘယ်နည်း" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- " အသင် သူနှင့်တွေ့ဆုံသောအခါ သူ့အား စလာမ်ဆိုပါ၊ သူသည် အသင့်အား ဖိတ်ကြားသောအခါ ထိုဖိတ်ကြားချက်ကို လက်ခံပါ၊ အသင့်ထံ အကြံဉာဏ်တောင်းခံလျှင် သူ့အား အကြံဉာဏ်ပေးပါ၊ သူ နှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား အဖြေ‌ပေးပါ၊ (ဆိုလိုသည်မှာ 'ယရ်ဟမုကလ္လာဟ်' ဟု ဆိုပါ)၊ သူဖျားနာသောအခါ အသင် သူ့အား လူမမာသွား‌ရောက်မေးမြန်းကြည့်ရှုပါ၊ သူကွယ်လွန်သွားသောအခါ သူ၏ဂျနာဇာအား လိုက်ပါပို့ဆောင်ပါ။

42- - «أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا». အို လူသားတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘေးဒုက္ခကို ဖယ်ရှားတော်မူပါ။ ပြင်းထန်တယ့် ဝေဒနာကို ကင်းဝေးစေတော်မူပါ။ ရောဂါကို သက်သာပျောက်ကင်းစေတော်မူပါ။ အရှင်မြတ်သာလျှင် သက်သာပျောက်ကင်းမှုကို ပေးနိုင်တော်မူသောအရှင် ဖြစ်တော်မူပါ၏။ အရှင်မြတ်ပေးသနားတော်မူသော ပျောက်ကင်းချမ်းသာမှုမှတစ်ပါး အခြားသော ပျောက်ကင်းချမ်းသာမှု မရှိပါ။ မည်သည့်ရောဂါဝေဒနာမျှ မကျန်ရစ်စေမည့် ပျောက်ကင်းချမ်းသာမှုကို ပေးသနားတော်မူပါ။