ဒုအာ၊ ဇိကိရ်တို့နှင့်သက်ဆိုင်သည့် ဖိကဟ်။

ဒုအာ၊ ဇိကိရ်တို့နှင့်သက်ဆိုင်သည့် ဖိကဟ်။

5- မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။

6- “စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ် ဝလာအိလာဟ အိလ္လလ္လာဟ် ဝလ္လာဟုအက္ကဗရ်” (အဓိပ္ပါယ်- အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည်။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသောအရှင်ဟူ၍ အလျှင်းမရှိ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။) ဟု မြွက်ဆိုရခြင်းကို ငါကိုယ်တော်သည် နေထွက်ပေါ်သည့် အရာဟူသမျှထက် (လောကရှိအရာခပ်သိမ်းထက်)ပို၍ နှစ်သက်တော်မူသည်။

8- သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။

18- အကြင်သူသည် အစားအသောက်စားပြီးနောက် ဤဒုအာကို ရွတ်ဆိုမည်။ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ အဓိပ္ပာယ်။ ။ကျွန်တော်မျိုး၏အစွမ်းအစမပါရှိဘဲ ဤအစားအသောက်အား ကျွန်တော်မျိုးအား ကျွေးမွေး‌တော်မူခဲ့သည့် အလ္လာဟ်အရှင်မြတ်အား ကျွန်တော်မျိုးချီးမွမ်းထောမနာပြုအပ်ပါသည်။ ဤတောင်းဆုကို ရွတ်ဆိုသူသည် ယခင်က ကျူးလွန်ခဲ့သော အကုသိုလ်များအားလုံး ခွင့်လွတ်ခြင်းခံရပေမည်။

21- رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ». အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးရဲ့ မှားယွင်းချွတ်ချော်မှု၊ မသိနားမလည်မှု၊ ကျွန်တော်မျိုးရဲ့အရေးကိစ္စဟူသမျှတွင် ကျွန်တော်မျိုး၏ လွန်ကျူးမှုနှင့်၊ ကျွန်တော်မျိုးထက် အရှင်မြတ်ပို သိတော်မူသော အရာတို့တွင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။ အို- အလ္လာအရှင်မြတ် ကျွန်တော်မျိုး၏ အမှားများ၊ တမင်ပြောဆိုမှု၊ မေ့မှား‌မှု၊ နောက်ပြောင် ကျီစယ်မှုတို့ကို ခွင့်လွှတ်တော်မူပါ။ ထိုအချက်များ အားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိနေပါ၏။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး ယခင်က ပြုခဲ့မိသည့် အပြစ်ဂုနဟ်မျာ၊ နောင်အခါတွင် ပြုလုပ်မည့် အပြစ်ဂုနဟ်များ၊ လျှို့ဝှက်ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ ထင်ရှားစွာ ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ လွန်လွန်ကျူးကျူးပြုခဲ့မိသော အရာများ၊ ကျွန်တော်မျိုးထက် အရှင်မြတ် ပိုသိတော်မူသော အပြစ်ဂုနဟ်များကို ခွင့်လွှတ်တော်မူပါ။ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်သည်။

23- အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေရရှိမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ကောင်းမှုများ )၊ ထိုကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် ကောင်းမှုများ‌ကော၊ မသိသည့် ကောင်းမှုများကိုပါ အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေ ကြုံတွေ့ရမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ) မကောင်းမှုများ၊ ထိုမကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် မကောင်းမှုများ‌ကော၊ မသိသည့် မကောင်းမှုများမှပါ အရှင်မြတ်ထံ ခိုလှုံပါ၏

24- အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ချီးမြှင့်‌တော်မူထားသည့် နိအ်မသ်တော်များ ဆုံးရှုံးကွယ်ပျောက်ခြင်း၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု ပြောင်းလွဲသွားခြင်း၊ အရှင်မြတ်၏ ရုတ်တရက် ဖမ်းဆီးအရေးယူဒဏ်ခတ်ခြင်းနှင့် အရှင်မြတ်၏ ခပ်သိမ်းကုန်သောအမျက်ဒါသမှ အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။

27- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အများဆုံးတောင်း‌ခဲ့သော ဒုအာမှာ ဤဒုအာပင် ဖြစ်သည်။ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။)

29- ( အို အလီ ) အသင် ဤသို့ ပြောဆိုပါလေ။ အို - အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်စေတော်မူပါ။ ထို့နောက် အသင်သည် "အလ်ဟုဒါ" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ လမ်းမှန်ကိုညွှန်ပြခြင်းဖြစ်ကြောင်းကို သတိရလော့။ "အတ်စ်စဒါဒ်" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ မြားတံအား ပစ်လွှတ်ရာတွင်ပစ်မှတ်ကို ဖြောင့်မတ်စွာ ပစ်ခွင်နိုင်ခြင်းကို သတိရလော့။

33- - "ကျွန်တော်မျိုး ရွတ်ဖတ်နိုင်မည့် ဇိကိရ်တစ်ခုကို သင်ကြားပေးတော်မူပါ။" တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- "သင်ဤသို့ ရွတ်ဖတ်လော့ - «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ» (အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ၊ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ တွဲဖက်ယှဉ်တွဲကိုးကွယ်ရာ ဟူ၍ အလျှင်းမရှိပြီ။ အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်မြင့်မြတ်တော်မူ၏။ ချီးမွမ်းခြင်းအားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏။ စကြဝဠာတစ်ခွင်ရှိသတ္တဝါအားလုံးကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် အပြစ်အနာအဆာမှ ကင်းစင်သန့်ရှင်းတော်မူ၏။ လွန်စွာတန်ခိုးအာနုဘော်ကြီးမားတော်မူ၍ ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ကူညီမှုမပါဘဲ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်၍ ကောင်းမှုကုသိုလ်ပြုနိုင်သည့် စွမ်းအင်ဟူ၍ အလျှင်းမရှိပေ။)

36- အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။

37- အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။

42- အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် မစွမ်းဆောင် နိုင်ခြင်း၊ ပျင်းရိခြင်း၊ သူရဲဘော ကြောင်ခြင်း၊ စေးနှဲတွန့်တိုခြင်း၊ အိုမင်းရင့်‌ရော်ခြင်းနှင့် ကဗရ် ရဲ့အဇာဗ်ပြစ်ဒဏ်တို့မှ အရှင်မြတ်ထံခိုလှုံပါ၏။အို အလ္လာဟ်အရှင်မြတ်၊ ကျွန်‌တော်မျိုး၏ စိတ်ဝိညာဉ်အား ၎င်းတွင်ရှိရမည့် သက္ကဝါအ‌ကြောက်တရားကို ပေးသနားတော်မူပါ။ ထို့ပြင် ထိုစိတ်ဝိညာဉ်အား သန့်ရှင်းစင်ကြယ်စေတော်မူပါ။ အရှင်မြတ်သည် ထိုစိတ်ဝိညာဉ်ကိုအကောင်းဆုံး သန့်ရှင်းစင်ကြယ်စေတော်မူသောအရှင်ဖြစ်ပါသည်။ အရှင်မြတ်သည်သာ ထိုစိတ်ဝိညာဉ်ကို အုပ်ထိန်း‌တော်မူသည့်အရှင်၊ ကာကွယ်ပေးတာ်မူသည့် အရှင်ဖြစ်ပါသည်။အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အကျိုးမပြုသော ပညာ၊ ကြောက်ရွံ့မှုမရှိ‌သော နှလုံးသား၊ ( ရလေလိုလေ ) ပြည့်ဝခြင်းမရှိသော စိတ်နှင့် လက်ခံခြင်းမခံရသော တောင်းဆုဒုအာတို့မှ အရှင်မြတ်ထံခိုလှုံမှုပြုပါ၏။

44- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - "မည်သည့် မွတ်စ်လင်မ်မဆို အပြစ်အကုသိုလ်နှင့် သွေးသားတော်စပ်သူအား ဆက်ဆံရေးဖြတ်တောက်ခြင်းမပါဝင်သော မည်သည့် ဒုအာဆုတောင်းမှုကိုမဆို ပြုလုပ်ပါက၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား (အောက်ပါ) သုံးမျိုးအနက်မှ တစ်မျိုးကို ဧကန်အမှန် ပေးသနားတော်မူမည်။ ထိုသူ၏ ဒုအာကို ဤလောက၌ပင် ချက်ချင်း လက်ခံတော်မူခြင်း၊ သို့မဟုတ် ထိုသူအတွက် နောင်တမလွန်ဘဝ၌ အကျိုးပေးရန် သိုလှောင်ထားတော်မူခြင်း၊ သို့မဟုတ် ထိုဒုအာဆုတောင်းခြင်းနှင့် ညီမျှသော မကောင်းမှုဒုက္ခကို ထိုသူ့ထံမှ ဖယ်ရှား ပေးသနားတော်မူခြင်း ဖြစ်သည်။" ထိုအခါ ဆွဟာဗဟ်သာဝကများက "သို့ဖြစ်လျှင် ကျွန်တော်မျိုးတို့သည် ဒုအာဆုတောင်းခြင်းကို များစွာပြုလုပ်ကြပါမည်" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - "အလ္လာဟ်အရှင်မြတ်သည် (သင်တို့တောင်းသမျှထက်) ပို၍ ရက်ရောတော်မူသောအရှင် ဖြစ်သည်။

45- တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိုးရိမ်ပူပန်မှု ကြီးကြီးမားမား ကျရောက်လာသောအခါတွင် ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - «لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ» (ကြီးကျယ်မြင့်မြတ်တော်မူပြီး၊ အလွန်သည်းခံခွင့်လွှတ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူသောအရှင်၊ မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင်၊ ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ)။

46- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- «اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ». ( အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ကြီးသောအပြစ်၊ သေးသောအပြစ်၊ ရှေ့တွင်ဖြစ်ခဲ့သောအပြစ်နှင့်၊ နောက်တွင်ဖြစ်လာမည့်အပြစ်၊ လူသိရှင်ကြားပြုမိသောအပြစ်နှင့် လျှို့ဝှက်စွာပြုမိ သောအပြစ် စသည့်အပြစ်ဂုနဟ်များအားလုံးကို ခွင့်လွှတ်တော်မူပါ"။)

49- မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင် ထိုင်ကြပြီး၊ ထိုထိုင်ဝိုင်း၌ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းလည်းမပြု၊ မိမိတို့၏ နဗီတမန်တော်မြတ်အပေါ် ဆွလာသ်ပို့သခြင်းလည်း မပြုကြဘူးဆိုရင်၊ ထိုထိုင်ဝိုင်းသည် ၎င်းတို့အတွက် ဆုံးရှုံးမှုကို ဖြစ်စေတဲ့အရာ ဖြစ်လိမ့်မယ်။ အကယ်၍ (အလ္လာဟ်အရှင်မြတ်က) အလိုရှိတော်မူလျှင် သူတို့ကို အပြစ်ဒဏ်ပေးတော်မူမည်။ အကယ်၍ အလိုရှိတော်မူလျှင်လည်း ခွင့်လွှတ်တော်မူမည်။

51- အသင်တို့ ”လေ” ကို မ‌ကောင်းမပြောကြလေနှင့်။ သင်တို့ မနှစ်သက်သောအရာကို တွေ့မြင်သောအခါ ဤဒုအာကို ဖတ်လော့။ «اللَّهُمَّ إِنَّا نَسْأَلُكَ مِنْ خَيْرِ هَذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وَخَيْرِ مَا أُمِرَتْ بِهِ، وَنَعُوذُ بِكَ مِنْ شَرِّ هَذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ». (“အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် ဤလေ၏ကောင်းကျိုး၊ ၎င်းလေအတွင်း၌ရှိသော ကောင်းကျိုးနှင့် ၎င်းအား (ဆောင်ကြဉ်းရန်) အမိန့်ပေးထားသည့်အရာ၏ ကောင်းကျိုးကို အရှင်မြတ်ထံတော်မှ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ကျွန်‌တော်မျိုးတို့သည် ဤလေ၏ ဆိုးကျိုး၊ ၎င်းလေအတွင်း၌ရှိသော ဆိုးကျိုးနှင့် ၎င်းအား (ဆောင်ကြဉ်းရန်) အမိန့်ပေးထားသည့်အရာ၏ ဆိုးကျိုးမှ အရှင်မြတ်ထံတော်၌ ခိုလှုံပါ၏။)

52- သင်တို့အနက် မည်သူမျှ (ဤသို့)ဒုအာဆုတောင်းခြင်း မပြုကြနှင့်၊ 'အိုအလ္လာဟ်အရှင်မြတ် အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ၊ အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား ရိုဇီရိက္ခာ ပေးသနားတော်မူပါ'။ သို့သော် မိမိ၏ဆုတောင်းချက်ကို ပြတ်ပြတ်သားသား (ယုံကြည်စိတ်ချစွာ) တောင်းဆိုကြလေကုန်။ အကြောင်းမှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုရှိရာကိုသာ ပြုလုပ်တော်မူပြီး၊ အရှင့်အား အတင်းအကြပ် ပြုလုပ်နိုင်သူ (မည်သူမျှ) မရှိပေ။

53- အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် ၎င်း၏ ရှေ့မှောက်တွင် ငါကိုယ်တော့်အား ဖော်ပြခံရသော်လည်း ငါကိုယ်‌တော့်အပေါ် ဆွလာသ် မပို့သခဲ့ ပေ။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် လမြတ်ရမဿွာန်နှင့် ကြုံကြိုက်ပါလျက် ခွင့်လွှတ်ခြင်းမခံရခင်အလျှင် ထိုလမြတ်သည် ကုန်လွန်သွားခဲ့သည်။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် မိမိ၏ မိဘနှစ်ပါးကို အိုမင်းမစွမ်း အရွယ်တွင် တွေ့ကြုံရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သုခဘုံသို့ မဝင်ရောက်စေနိုင်ခဲ့ပေ။