အမည်နာမများနှင့် အမိန့်ပညတ်ချက်များ။

အမည်နာမများနှင့် အမိန့်ပညတ်ချက်များ။

3- မုနာဖိက်(အရေခြုံမွတ်စလင်မ်)တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူမည်။ အိကာမသ်ဆိုပြီးသည့်အခါ လူတို့အားဦးဆောင် ဆွလာသ်ဆောက်တည်ရန် ပုဂ္ဂိုလ်တစ်ဦးအား အမိန့်ပေးတော်မူမည်။ ထို့နောက် ငါကိုယ်တော်သည် ထင်းစီးများပါရှိသော လူတို့နှင့်အတူ(ဂျမာအသ်ဖြင့်)ဆွလာသ်ဆောက်တည်ရန် မလာကြသူများထံသွားပြီး ၎င်းတို့နှင့်အိမ်ကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူသည်။

5- အလ္လာဟ်အရှင်မြတ်က ဟလာလ် ဟူ၍ သတ်မှတ်ထားသည်တို့ကို ၎င်းတို့က ဟရာမ် ဟူ၍ သတ်မှတ်လိုက်သည့်အခါ အသင်တို့သည်လည်း ဟရာမ် ဟူ၍ပင် သတ်မှတ်ခဲ့ကြသည်မဟုတ်လော။ အလ္လာဟ်အရှင်မြတ်က ဟရာမ် ဟူ၍ သတ်မှတ်ထားသည်တို့ကို ၎င်းတို့က ဟလာလ် ဟူ၍ သတ်မှတ်လိုက်သည့်အခါ အသင်တို့သည်လည်း ဟလာလ် ဟူ၍ပင် သတ်မှတ်ခဲ့ကြသည်မဟုတ်လော။ ထိုအခါ ကျွန်တော်က ဟုတ်ပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က ဤသည်ပင် ၎င်းတို့အား ခဝပ်ကိုးကွယ်ခြင်းဖြစ်သည် ဟုမိန့်ကြားခဲ့သည်။

6- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။

8- အကြင်သူသည် (အတိတ်နိမိတ်ဆိုးကောက်၍) ထိုနိမိတ်ဆိုးကောက်ခြင်းက သူရည်ရွယ်ထားသည့်ကိစ္စကို ရပ်ဆိုင်းစေခဲ့လျှင် ထိုသူသည် ရှိရ်က်အမှုကို ကျူးလွန်ခြင်းဖြစ်သည်။ သာဝကြီးများက ထိုပြစ်မှုအတွက် အပြစ်ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်) မှာအဘယ်အရာပါနည်း ဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က အောက်ပါအတိုင်း တောင်းဆုပြုရန် မိန့်ကြားတော်မူသည်။ ( အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်ထံရှိသည့် ကောင်းချီးမင်္ဂလာမှအပ အခြားကောင်းချီးမင်္ဂလာဟူ၍ မရှိ၊ အရှင်မြတ်သတ်မှတ်ထားသည့် ပြစ်ဒဏ်၏ မကောင်းမှုမှအပ အခြားနိမိတ်ဆိုးဟူ၍မရှိ၊ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ။)

9- အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။

10- အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကုရ်အာန်ကျမ်းလာ အာယတ်တော်ဖြစ်သော (၎င်းပြင် ထို ကျွန်တော်မျိုး၏ အမျိုးသားတို့သည် (လက်အောက်ငယ်သားလူ့ဗာလတို့အား ဤသို့) ပြောဆိုခဲ့ကြပါသည်။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏ ကိုးကွယ်ရာများကို စွန့်ပယ်၍ အလျှင်း မထားကြကုန်လင့်။၎င်းပြင် အသင်တို့သည် “ဝဒ္ဒ်”ဆင်းတုကိုလည်း အလျှင်း မစွန့်ပယ်ကြကုန်လင့်၊ “ဆုဝါအ်”ဆင်းတုကိုလည်း စွန့်ပယ်ခြင်းမပြုကြကုန်လင့်၊ထိုမှတစ်ပါး“ယဂူဆ်”ဆင်းတုကိုလည်းကောင်း၊“ယအူက်”ဆင်းတုကိုလည်းကောင်း၊ “နတ်စ်ရ်”ဆင်းတုကိုလည်းကောင်း၊ စွန့်ပယ်ခြင်းကိုမပြုကြကုန်လင့်။) (ကုရ်အာန် ၇၁း၂၃) ဟူသော အာယတ်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ ဤသည် တမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) ခေတ်၌ရှိသော သူတော်စင်ကြီးများ၏အမည်များ ဖြစ်ကြသည်။

12- အတိတ်နမိတ်ဆိုးကောက်သူ၊ အတိတ်နမိတ်ဆိုးကောက်ပေးသူ၊ ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူ၊ ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူတို့သည် ငါကိုယ်တော်၏ နောက်လိုက်သားတို့အနက်မှမဟုတ်ပေ။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။

15- ကောင်းကင်တမန်များသည် တိမ်တိုက်များဆီသို့ ဆင်းလာကြပြီး မိုးကောင်းကင်၌ ဆုံးဖြတ်ထားသည့် ကိစ္စများကိုပြောဆိုကြသည်။ ထိုအခါ ရှိုင်သွာန်တို့သည် ခိုးနားထောင်ကြပြီး မိမိကြားခဲ့သည်ကို နက္ခတ်ဗေဒင်အကြားအမြင်ဆရာများအား ပြောပြကြသည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုသတင်းအား မိမိတို့ဘက်မှ မုသားစကား တစ်ရာဖြင့် ရောထွေးပြီးလိမ်လည်ကြသည်။

17- အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။

18- -အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူ ပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။

24- အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။

25- ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။

26- အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။

31- ငါကိုယ်တော်သည် ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး အသင်တို့အနက် မည်သူသည် ငါ့ထံလာရောက်မည်ကို ငါကိုယ်တော်ကြည့်ရှုမည်ဖြစ်သည်။ လူအချို့သည် ငါကိုယ်တော့်ထံမှ ဖယ်ရှားခြင်းခံရမည်။ ထိုကြောင့်ငါကိုယ်တော်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု လျှောက်ထားမည်။

32- ၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကလလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။